ထိုင်းနိုင်ငံတွင် ဆေးခြောက် တရားဝင်သုံးစွဲခွင့် ရရှိ

ဓာတ်ပုံ - Nir Ellas/Reuters
ထိုင်းနိုင်ငံဟာ ဆေးဘက်ဆိုင်ရာ သုံးစွဲမှုနဲ့ သုတေသန လုပ်ငန်းတွေအတွက် ဆေးခြောက်ကို တရားဝင် ခွင့်ပြုလိုက်ပါတယ်။ ကမ္ဘာ့အတင်းကျပ်ဆုံး ဆေးဘက်ဥပဒေတွေ ပြဋ္ဌာန်းရာ ဒေသအတွင်း ပထမဆုံးအနေနဲ့ ဥပဒေအရ ခွင့်ပြုမှုလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်း စစ်အစိုးရက ခန့်အပ်ထားတဲ့ လွှတ်တော်က ၁၉၇၉ မူးယစ်ဥပဒေကို ပြင်ဆင်ရေး မဲပေးပြီး ဥပဒေမူကြမ်းကို ဒီဇင်ဘာ ၂၅ ရက်မှာ အတည်ပြုပေးခဲ့တာပါ။ ထောက်ခံမဲ ၁၆၆ မဲ၊ ကန့်ကွက်မဲ မရှိ၊ ပျက်ကွက် ၁၃ ယောက်နဲ့ လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေ မတိုင်ခင်က ဆေးခြောက်ကို နာကျင်မှုနဲ့ ပင်ပန်းနွမ်းနယ်မှု ဖြေဖျောက်ရေးအတွက် သုံးစွဲတဲ့အစဉ်အလာ ရှိခဲ့ပါတယ်။ ဒါဟာ ဥပဒေပြု လွှတ်တော်ကနေ အစိုးရနဲ့ ပြည်သူတွေကို ပေးတဲ့ နှစ်သစ်ကူး လက်ဆောင်ပါလို့ လွှတ်တော် မူကြမ်းရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ဆွန်ချိုင်း ဆာဝမ်ကန်က လွှတ်တော်ရုပ်သံကနေ ပြောပါတယ်။ တော်ဝင်ဂေဇက်ကနေ အတည်ပြုပြီးရင် ဒီမူကြမ်းက ဥပဒေအဖြစ် အသက်ဝင်လာမှာပါ။ ဆေးဘက်ဆိုင်ရာ သုံးစွဲမှုအတွက် ဆေးခြောက်ထုတ်ကုန်တွေကို ထုတ်လုပ်ဖို့၊ ပြည်ပတင်ပို့ တင်သွင်းတာတွေလုပ်ဖို့ ပိုင်ဆိုင်ခွင့်နဲ့ သုံးစွဲခွင့်တွေ တရားဝင် ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ဒီဆေးတွေကို ကိုင်တွယ်ဖို့ ဖြန့်ချိသူတွေ၊ ထုတ်လုပ်သူတွေနဲ့ သုတေသန ပညာရှင်တွေဟာ လိုင်စင်ရှိဖို့လိုသလို သုံးစွဲသူတွေကလည်း ဆရာဝန်ရဲ့ ဆေးအညွန်းစာတွေ လိုအပ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up