ဂျာဂန်ကလော့ပ်သည် ကံကောင်းသည့်နည်းပြဖြစ်ဟု ဘင်နီတက်ဇ် ပြော

နည်းပြ ဂျာဂန်ကလော့ပ်ဟာ မိမိ လီဗာပူးအသင်းကို နည်းပြတုန်းကထက် ပိုပြီး ကစားသမားကောင်းတွေ ဝယ်ယူခွင့်ရလို့ ကံကောင်းတဲ့နည်းပြ ဖြစ်တယ်လို့ ဘင်နီတက်ဇ်က ပြောလိုက်ပါတယ်။ လက်ရှိအချိန်မှာ နယူးကာဆယ်အသင်းကို ကိုင်တွယ်နေတဲ့ ဘင်နီတက်ဇ်ဟာ ၂၀၀၄ ကနေ ၂၀၁၀ အထိ လီဗာပူးအသင်းကို ၆ နှစ်ကြာ ကိုင်တွယ်ခဲ့သူပါ။ မိမိကိုင်တွယ်တဲ့အချိန်က ကစားသမားသစ် ဝယ်ဖို့ဆိုရင် ရှိတဲ့ကစားသမားကို အရင်ဆုံး ရောင်းချပြီးမှ ဝယ်ယူခွင့်ရခဲ့ပြီး ဂျာဂန်ကလော့ပ်ကတော့ ကစားသမားကောင်းတွေကို ဝယ်ယူခွင့်ရနေတယ်လို့ ဘင်နီတက်ဇ်က ပြောပါတယ်။ ကလော့ပ်ဟာ နာဘီကီတာ၊ ဖာဘင်ဟို၊ ဗန်ဒိုက်၊ အလက်ဆန်တို့လို အရည်အသွေးရှိတဲ့ ကစားသမားတွေကို ဝယ်ယူနိုင်ခဲ့ပြီး ပွဲထွက်ကစားသမား ၁၁ ယောက်ကို အပြောင်းအလဲ လုပ်ရင်တောင် တောင့်တင်းနေဆဲဖြစ်တယ်လို့ ဘင်နီတက်ဇ်က သုံးသပ်ခဲ့ပါတယ်။ ဘင်နီတက်ဇ်ရဲ့ နယူးကာဆယ်အသင်းဟာ ဒီကနေ့ညမှာ လီဗာပူးအသင်းနဲ့ အန်ဖီးလ်မှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ အသက် ၅၈ နှစ်ရှိ စပိန်နည်းပြ ရာဖေးလ်ဘင်နီတက်ဇ်ဟာ လီဗာပူးအသင်းကို ကိုင်တွယ်ခဲ့တုန်းက ချန်ပီယံလိဂ် ဖလားတလုံး၊ ဥရောပ စူပါဖလားတလုံးနဲ့ အက်ဖ်အေဖလားတလုံး ရယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up