ဧရာဝတီတိုင်းတွင် နှစ်သစ်ကူးကာလ ၅ ရက်ဆက်တိုက် လျှပ်စစ်မီးပျက်မည်
DVB
·
December 26, 2018
လာမယ့် ၂၀၁၉ နှစ်သစ်ကူးကာလအတွင်း ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ၅ ရက်ဆက်တိုက် လျှပ်စစ်မီးပျက်နိုင်ပြီး လျှပ်စစ်ဓာတ်အား အလှည့်ကျသာ ရရှိနိုင်မယ်လို့ သိရပါတယ်။
ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်လို့ ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ မီးပျက်နိုင်ပြီး အလှည့်ကျသာ လျှပ်စစ်ဓာတ်အားရရှိနိုင်မယ်လို့ ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
ဒါပေမယ့် ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်း အဆင်ပြေမယ်ဆိုရင်တော့ လျှပ်စစ်ဓာတ်အား ပျက်ချင်မှပျက်မှာဖြစ်ပြီး မီးပျက်မယ်ဆိုရင် အချိန်အတိအကျကို ပြည်သူတွေကို အသိပေးသွားမယ်လို့ ၀န်ကြီးက ပြောပါတယ်။
ဧရာဝတီတိုင်းအနေနဲ့ လျှပ်စစ်ဓာတ်အားကို လှိုင်သာယာခွဲရုံကနေ ရရှိနေတာ ဖြစ်ပြီး လှိုင်သာယာခွဲရုံကနေ အဓိကဝန်အားလျှော့ချမှာဖြစ်လို့ အရေးတကြီး လိုအပ်တဲ့ နေရာတွေမှာ မြန်အောင် လျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ ခွဲဝေသွားဖို့ရှိပါတယ်။
လက်ရှိမှာတော့ ဧရာဝတီတိုင်းအတွင်းမှာ လျှပ်စစ်ဓာတ်အားအသုံးပြုမှုက နေ့စဉ်မဂ္ဂါဝပ် ၁၂၀ ဝန်းကျင်ရှိပါတယ်။