ရုပ်ဝတ္ထုလွှမ်းမိုးမှုနည်းသည့် ဘဝကို ရှာဖွေကြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ဓာတ်ပုံ - Reuters
1.2K
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာတလွှား ရိုမန်ကက်သလစ်ဘာသာဝင် ခရစ်ယာန်တွေကို ဦးဆောင်ရင်း ပိုရိုးရှင်းပြီး ရုပ်ဝတ္ထုလွှမ်းမိုးမှုနည်းတဲ့ ဘဝကို ရှာဖွေကြဖို့ ဖွံ့ဖြိုးပြီးနိုင်ငံက လူတွေကို တိုက်တွန်းတယ်လို့ ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ် အကြိုညမှာ ပြောလိုက်ပါတယ်။
ဆင်းရဲချမ်းသာ ကွာဟချက် များနေတဲ့ အခြေအနေကိုလည်း ပုပ်ရဟန်းမင်းကြီးက ပြစ်တင် ရှုတ်ချပါတယ်။
ရိုးရာဓလေ့ဖြစ်တဲ့ ခရစ္စမတ် အကြိုညအတွက် စိန့်ပီတာဘုရားကျောင်းက ဝတ်ပြုခန်းမကျယ်ကြီးထဲမှာ အသက် ၈၂ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက လူအယောက် တထောင်နီးပါးကို ဦးဆောင်ခဲ့တာပါ။
ယေရှုဘုရားသခင်ဟာ မြင်းဇောင်းထဲမှာ ဆင်းဆင်းရဲရဲ မွေးဖွားခဲ့တယ်၊ လူတိုင်းဟာ အထူးသဖြင့် လောဘကြီး ငမ်းငမ်းတက်နေတဲ့ လူတွေဟာ ဒီဖြစ်ရပ်ကိုကြည့်ပြီး ဘဝရဲ့ တကယ့်အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်သင့်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
ပထမဆုံး လက်တင်အမေရိကသား ပုပ်ရဟန်းမင်း ဖရန်စစ်ဟာ သူ ရာထူးလက်ခံပြီးကတည်းက ဆင်းရဲသားတွေဘက်ကနေ ခုခံကာကွယ်ခဲ့တာပါ။
အီတလီရဲ့ မြို့တော် ရုမ်းမှာ အိမ်ခြေမဲ့ အယောက် ၁ သောင်း ၆ ထောင်ကျော် ရှိတယ်လို့ ကက်သလစ် ပရဟိတအဖွဲ့ ကာရီတက်စ်က ခန့်မှန်းထားပါတယ်။