Home
မြန်မာသတင်း
အရည်အသွေးနှင့် စွမ်းရည်ပိုကောင်းသည့် စစ်သင်္ဘောများ တည်ဆောက်မည်ဟု ကာချုပ်ပြော
DVB
·
December 25, 2018
တပ်မတော် (ရေ) ကို ဒေသတွင်း လှုပ်ရှားနိုင်စွမ်းရှိတဲ့အဆင့်ရောက်အောင် ဆောင်ရွက်ရမှာဖြစ်ပြီး အရည်အသွေးနဲ့ စွမ်းဆောင်ရည်ပိုကောင်းတဲ့ စစ်ရေယာဉ်တွေ ဆက် တည်ဆောက်ရမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။ မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ တပ်မတော်(ရေ) ၇၁ နှစ်မြောက် နှစ်ပတ်လည်နေ့ စစ်ရေယာဉ်တွေ တပ်တော်ဝင်တဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တာလို့  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ရေတပ်သင်္ဘောကျင်းအနေနဲ့ ဖရီးဂိတ်စစ်ရေယာဉ်က စလို့ ရေယာဉ်မျိုးစုံကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ ဒါကြောင့် တိုင်းပြည်အတွက် ငွေကြေး ကုန်ကျတာကိုလျှော့ချနိုင်တာဟာ တပ်မတော်(ရေ)အတွက် ဂုဏ်ယူ နိုင်တာပဲ ဖြစ်ကြောင်း၊ အခုထက် အရည်အသွေးပိုပြီးကောင်းမွန်တဲ့၊ စွမ်းရည်ပိုကောင်းမွန်တဲ့ စစ်ရေယာဉ်တွေကို ဆက်လက်တည်ဆောက်သွားကြရမှာ ဖြစ်ကြောင်း၊ ရေတပ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဆိုတဲ့အတိုင်း နိုင်ငံတော်ရဲ့ ရေပိုင်နက်ကို ကာကွယ် စောင့်ရှောက်ရမှာ ဖြစ်သလို ဒေသတွင်း Blue Water Navy အဆင့်ရောက်အောင် ဆောင်ရွက်ရမယ်”လို့ ပြောပါတယ်။ တပ်တော်ဝင် အခမ်းအနားမှာ စစ်ရေယာဉ် ၇ စီးကို တပ်တော်ဝင်နိုင်ခဲ့ပြီး ထူးခြားချက် အနေနဲ့ တပ်မတော်(ရေ)အတွက် မရှိမဖြစ်လိုအပ်တဲ့ ၆၅ မီတာ ရေပေါ်လွန်းကျင်း (ဆရာရှမ်း -၂) ကိုလည်း တပ်တော်ဝင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် သံချပ်ကာ ယာဉ်တွေ တင်ဆောင်ထားတဲ့ ၂၉ မီတာကမ်း ထိုးရေယာဉ်တွေနဲ့ ၂၆ မီတာ ပင်လယ်သွား တွဲ/ဆွဲရေယာဉ်တို့ကိုလည်း တပ်တော်ဝင်ခဲ့တာပါ။ ဒီအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖရီးဂိတ်စစ်ရေယာဉ်-အောင်ဇေယျ ဦးဆောင်တဲ့ ဖရီးဂိတ် စစ်ရေယာဉ်-ကျန်စစ်သား၊ ကော်ဗက် စစ်ရေယာဉ်-တပင်ရွှေထီး၊ ကော်ဗက်စစ်ရေယာဉ်-ဘုရင့်နောင်နဲ့ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်တွေက Single Line Formation ပုံစံ ပုံမောင်းနှင်ပြီး ချီတက်အလေးပြုကြသလို မောင်းသူမဲ့ ရဟတ်ယာဉ်တစင်းက စစ်ရေယာဉ်အောင်ဇေယျပေါ်ကို ဂုဏ်ပြုဆင်းသက်အလေးပြုခဲ့တယ်ပါတယ်။ မနေ့ညနေမှာပဲ ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဝင်တွေဟာ ဧရာဝတီရေတပ် စခန်းဌာနချုပ်ကို စစ်ရေယာဉ်နဲ့ သွားရောက်ကြပြီး ရေယာဉ် ပုံစံငယ်စမ်းသပ်ကန်နဲ့ ကန်ထဲမှာ ရေယာဉ်တွေ လက်တွေ့ စမ်းသပ်တာကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024