Home
မြန်မာသတင်း
တအာင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်သည့်သတင်း မဟုတ်မှန်ဟု တပ်မတော်ငြင်းဆို
အောင်သူ
·
December 25, 2018
တပ်မတော်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့တို့ တိုက်ပွဲမဖြစ်ဘဲ တိုက်ပွဲဖြစ်တယ်လို့ ထုတ်ပြန်တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ရွှေမော်ကျေးရွာအနီးမှာ ဒီဇင်ဘာ၂၄ ရက် မနက် ၇ နာရီခွဲလောက်မှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) က သတင်းထုတ်ပြန်ထားတာပါ။ တပ်မတော်ဘက်ကတော့ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ရပ်စဲမယ်လို့ ထုတ်ပြန်ပြီး စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေရပ်ဖို့ ညွှန်ကြားထားပြီးဖြစ်သလို တီအန်အယ်လ်အေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဇော်လင်းထွန်းက “တီအန်အယ်လ်အေ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သတင်းဌာန ၆ ခုလောက်က လွှင့်သွားပြီ။ ရေးတာကလည်း သတင်းဌာနအပြစ် မဟုတ်ပါဘူး။ တီအန်အယ်လ်အေရဲ့ ထုတ်ပြန်ချက်အတိုင်း ရေးတာပါ။ ကျနော်တို့ ၂၁ ရက်နေ့မှာ ငြိမ်းချမ်းရေး ကြေညာချက် ထုတ်လိုက်တယ်။ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေရပ်ဖို့ ညွှန်ကြားလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတွေ လုံးဝမရှိပါဘူး။ ကျနော့်အောက်က တပ်တွေလည်း စစ်ပြီးပါပြီ၊ မရှိပါဘူး။ တီအန်အယ်လ်အေဘက်ကတော့ မှားတာကိုတော့ မထုတ်ပြန်သင့်ဘူးလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်ပြီးတဲ့အချိန်မှာ ကျန်တဲ့ EAOs တွေကလည်း ကြိုဆိုကြတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေကလည်း ကြိုဆိုကြတယ်။ ဒီလိုထုတ်ပြန်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အနှောင့်အယှက်ဖြစ်နိုင်တယ်။” တီအန်အယ်လ်အေ အပါအ၀င် အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဒီဇင်ဘာ ၂၁ ရက်ကနေ ဧပြီ ၃၀ ရက်နေ့အထိ စစ်တိုင်း ၅ ခုမှာ စစ်ရေးလှုပ်ရှားမှုတွေကို လေးလကျော် ရပ်ဆိုင်းမယ်လို့ တပ်မတော်က ကြေညာထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားတဲ့ အထဲမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပါသလို အဲဒီနယ်မြေထဲမှာ ရက္ခိုင့်တပ်မတော်(အေအေ) နဲ့  တပ်မတော်တို့ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်နေပါတယ်။ ဒုညွန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဇော်လင်းထွန်းက “အေအေနဲ့ကိစ္စကလည်း အန်စီအေ လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားပြီး ဖြစ်တယ်။ ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေပေါ့၊ အဲဒါ မပါရတဲ့ အကြောင်းအရင်းကလည်း အဲဒီမှာဖြစ်ပျက်နေတဲ့ အဖြစ်ပျက်တွေလည်း ရှိတာပဲ။ အစိုးရအဖွဲ့က တရားဝင်ထုတ်ပြန်ထားတဲ့ ARSA ဆိုတဲ့ အကြမ်းဖက် အဖွဲ့အစည်းကလည်း ရှိသေးတာကိုး။ ကျနော်တို့ ထုတ်ပြန်ချက် ပထမအပိုဒ်မှာပဲ အေအေဆိုတဲ့အဖွဲ့ ထည့်ပေးထားပါတယ်။ နယ်မြေဒေသ အခြေအနေကတော့ ချွင်းချက်ဖြစ်ပါတယ်” လို့ ပြောပါတယ်။ စစ်ရေးလှုပ်ရှားမှုရပ်မယ်လို့ တပ်မတော်က ကြေညာတဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးက ကြိုဆိုထောက်ခံခဲ့ကြသလို အဖွဲ့အစည်းတချို့ကတော့ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ အပစ်ရပ်စဲကြောင်း ကြေညာပေးဖို့ တိုက်တွန်းပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024