Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၂,ဝဝဝ ခန့်ရှိနေဟု ကုလသမဂ္ဂထုတ်ပြန်
DVB
·
December 25, 2018
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၈ ရက်ကစပြီး  လူဦးရေ ၂,ဝဝဝ နီးပါး နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂအေဂျင်စီ က သတင်းထုတ်ပြန်ပါတယ်။ စစ်ဘေးရှောင်တွေထဲမှာ ဒီဇင်ဘာ ၂၂နဲ့  ၂၃ ရက်နေ့တွေက ကျောက်တော်မြို့နယ်မှာ အသစ်ထပ်မံ တိမ်းရှောင်လာတဲ့  လူဦးရေ ၁,၁ဝဝ လည်းပါဝင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာညှိနှိုင်းရေးရုံး  UNOCH သတင်းမှာ ဖော်ပြပါတယ်။ နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေထဲက  လူဦးရေ ၂၅ဝ လောက်ကတော့ နေရပ် ပြန်သွားနိုင်ခဲ့ကြပေမယ့် လူဦးရေ ၁,၇ဝဝ လောက် ဆက်လက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲပဲ လို့ဆိုပါတယ်။ ရခိုင်ပြည်နယ် မြို့နယ် ၄ မြို့နယ်မှာ တပ်မတော်နဲ့ အေအေ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေ အကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ၂၀၀၀ ၀န်းကျင် လောက် ရှိနေပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေကလည်း ဒီဗွီဘီကို ပြောပါတယ်။ ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား(မြို) ကျေးရွာအထက်ပိုင်း သလူးချောင်းကျေးရွာမှာရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို အကူအညီသွားပေးတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို တပ်မတော်က ခွင့်မပြုဘဲ တားဆီးခဲ့လို့ လှည့်ပြန်ခဲ့ရပါတယ်။ တပ်မတော်ကတော့ တောင်မင်းကုလားကျေးရွာမှာ လုံခြုံရေးချပေးထားပြီး တောင်မင်း ကုလားရွာ အထက်ပိုင်း သလူချောင်းကျေးရွာကိုသွားခွင့်မပြုတာဟာ လုံခြုံရေးအခြေအနေကြောင့် ဖြစ်တယ်လို့ တာဝန်ကျ တပ်မတော်အရာရှိတွေကပြောပါတယ်။ သလူးချောင်းကျေးရွာကနေ နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ ရခိုင်၊  မြို၊ သက်နဲ့ ခမီ တိုင်းရင်းသားမျိုးနွယ်စု စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀ ကျော်ရှိပြီး  စားနပ်ရိက္ခာ ပြတ်တောက်နေ တယ်လို့ ဝံလက်ဖောင်ဒေရှင်းဒါရိုက်တာ ကိုခိုင်ကောင်းစံ ဒီဗွီဘီကိုပြောပါတယ်။ ကျောက်တော်မြို့နယ်မှာ ဒီဇင်ဘာ၂၂ ရက်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ ပါချေကျေးရွာ၊ ငစွေကျေးရွာ၊ လမုကိုင်း ပညာဝကျေးရွာအပေါ်ကနေ တပ်မတော်က စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အမြောက်တွေ၊ သေနတ်တွေနဲ့ ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရတာကြောင့် ကြောက်လန့် ထွက်ပြေးလာကြတာလို့  စစ်ဘေးရှောင်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော်(အေအေ)နဲ့ ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာ စစ်ရဟတ်ယာဉ်တွေ အသုံးမပြုခဲ့ဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ဒီဇင်ဘာ ၂၁ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ရွာသားတွေကတော့ ဗုံးသံတွေ ကျည်ဆန်တွေကြားကနေ အနီးအနားက ဘေးလွတ်ရာ ကျေးရွာတွေကို စက်လှေတွေနဲ့ ထွက်ပြေးလာကြသလို ခြေကျင်လျှောက်ပြီး ထွက်ပြေးလာ သူတွေလည်း ရှိနေပါတယ်။ ထွက်ပြေးလာတဲ့အထဲမှာ အသက်ကြီးပိုင်း အဖိုး အဖွားတွေအများဆုံးပါသလို ကလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ မွေးကင်းစ ကလေးမိခင်တွေ၊ လပိုင်းကလေးမိခင်တွေလည်း ပါဝင်ပါတယ်။ တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ်၊ ပါချေကျေးရွာ ငစွေကျေးရွာ၊ လမုကိုင်း ပညာဝ စတဲ့ကျေးရွာတွေကနေ တောင်မင်းကုလားမြိုကျေးရွာကို ထွက်ပြေး ခိုလှုံလာတဲ့ စစ်ရှောင်ဒုက္ခသည်စုစုပေါင်း ၇၁၃ ရှိနေ ပါတယ်။ လက်တလော ဒုက္ခသည်တွေ ယာယီခိုလှုံနေထိုင်နိုင်ဖို့ အမိုးအကာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ လုံလောက်မှုမရှိသလို စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ကုလသမဂ္ဂအေဂျင်စီ UNOCHA ကတော့ စစ်ဘေးရှောင်တွေကို ရခိုင်ပြည်နယ်အစိုးရ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ ကြက်ခြေနီအဖွဲ့တို့က ကနဦး အထောက်အပံ့တွေ ပေးထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေက အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးနေတယ်လို့လည်း ဆိုပါတယ်။ တပ်မတော်ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်းဆွေးနွေး နိုင်ဖို့ စစ်တိုင်း၅တိုင်းမှာ လေးလကျော်ကြာ စစ်ဆင်ရေးရပ်ဆိုင်းထားဖို့ ကြေညာထားပေမယ့် ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ဆက်လက်  ဖြစ်ပွားနေတာပါ။ တပ်မတော်ရဲ့ စစ်ရပ်ဆိုင်းထားမယ့် နယ်မြေထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မြေ (ရခိုင်ပြည်နယ်) မပါဝင်တဲ့အပေါ် စိုးရိမ်တယ်လို  ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ထုတ်ပြန် ပြောထားပါတယ်။ သတင်း- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024