ယီမင် ဟိုဒီဒါဆိပ်ကမ်းမြို့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မည့် ကုလအကြီးအကဲ ရောက်ရှိ

ယီမင်နိုင်ငံ ဟိုဒီဒါဆိပ်ကမ်းမြို့ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်မယ့် ကုလသမဂ္ဂအဖွဲ့ အကြီးအကဲဟာ ယီမင်နိုင်ငံကို ဒီဇင်ဘာ ၂၂ ရက်က ရောက်လာတယ်လို့ ကုလနဲ့ ဒေသန္တရ အရာရှိတွေက ပြောပါတယ်။ ယီမင်နိုင်ငံအတွင်း အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေနဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ အာရပ် ညွန့်ပေါင်းတပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင် အစိုးရတပ်တို့ စစ်ဖြစ်နေတာ လေးနှစ်ကြာပါပြီ။ ဒီလအစောပိုင်းက ဆွီဒင်နိုင်ငံမှာ ကျင်းပပြီး ကုလသမဂ္ဂက စီစဉ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း ဟိုဒီဒါမြို့မှာ တိုက်ပွဲရပ်တန့်ရေးကို နှစ်ဖက်စလုံးက သဘောတူခဲ့ပါတယ်။ အဲဒီနောက် နယ်သာလန် ဗိုလ်ချုပ်ကြီးဟောင်း ပက်ထရစ် ကမ်းမရတ် ဦးဆောင်တဲ့ ကုလစောင့်ကြည့်ရေးအဖွဲ့ကို ဟိုဒီဒါမြို့မှာ တာဝန်ချဖို့ ကုလလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ယီမင်နိုင်ငံတွင်းက ပြည်သူ သန်း ၃၀ အတွက် စားနပ်ရိက္ခာ ဖြန့်ဖြူးရေးမှာ ဟိုဒီဒါဆိပ်ကမ်းဟာ မရှိမဖြစ် အရေးပါပါတယ်။ ဒီဆိပ်ကမ်းဟာ ဒီနှစ်အတွင်း တိုက်ပွဲတွေရဲ့ပစ်မှတ် ဖြစ်လာနေလို့ ဆိုးဆိုးရွားရွား ဆာလောင်ငတ်မွတ်နေတဲ့ ပြည်သူ ၁၆ သန်း နီးပါးအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့တာပါ။ ဒုတိယအကျော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုင်ငံရေးအရ ညှိနှိုင်းရေး မူဘောင်နဲ့အညီ ဇန်နဝါရီလထဲမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up