တူရကီအစိုးရက ဆီးရီးယားနယ်စပ်တွင် စစ်အင်အား ဖြည့်တင်း

1.4K
တူရကီအစိုးရဟာ ဆီးရီးယားနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ နှစ်ဖက်စလုံးမှာ ဒီဇင်ဘာ ၂၃ ရက်က သူ့တပ်တွေကို အားဖြည့်နေတယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။
ဆီးရီးယားနိုင်ငံထဲကနေ အမေရိကန်တပ်တွေ ပြန်ဆုတ်ခွာရေး ညှိနှိုင်းဆောင်ရွက်ဖို့ တူရကီ အစိုးရနဲ့ အမေရိကန် အစိုးရတို့ သဘောတူခဲ့ပါတယ်။
ဟာတေပြည်နယ် ခိရိခန်းခရိုင်ထဲက ဆီးရီးယားနယ်စပ်ဆီကို သွားဖို့ တူရကီ ကွန်မန်ဒိုတွေ အသင့်ဖြစ်နေပြီး နိုင်ငံသားတွေက အောင်ပွဲခံဖို့ ခရာမှုတ်နေတာကို ရိုက်တာ မျက်မြင်သက်သေက မြင်ခဲ့တာပါ။
တင့်ကားတွေ၊ ဟောင်ဝစ်ဇာ အမြောက်တွေနဲ့ စက်သေနတ်တွေ အပါအဝင် ရာနဲ့ချီတဲ့ ကားတွေဟာ တူရကီတောင်ပိုင်းက ကီလစ်နယ်စပ်ခရိုင်ဆီ ဦးတည်သွားနေတယ်လို့ မျက်မြင်သက်သေက ပြောပါတယ်။
အမေရိကန်တပ်တွေ ပြန်ဆုတ်ခွာဖို့ ဆုံးဖြတ်အပြီးမှာ ဆီးရီးယားမြောက်ပိုင်းက ယူဖရေးတီးစ်မြစ် အရှေ့ဘက်မှာရှိနေတဲ့ ကာဒစ်ရှ် YPG ပြည်သူ့စစ်တွေအပေါ် စစ်ဆင်ရေးလုပ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းမယ်၊ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်မယ်လို့ တူရကီသမ္မတ တေယစ် အာဒိုဂံက ပြောပါတယ်။
အာဒိုဂံနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ တနင်္ဂနွေနေ့က ဖုန်းပြောခဲ့တယ်၊ အမေရိကန်တပ်တွေ ဆီးရီးယားက ထွက်သွားချိန်မှာ မင်းမဲ့စရိုက် စိုးမိုးတာကို ဟန့်တားရေး စစ်ဘက်နဲ့ သံတမန်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ တူရကီ သမ္မတရုံးက ပြောပါတယ်။