အင်ဒိုနီးရှားတွင် ဆူနာမီကြောင့် သေဆုံးသူ ၂၈၁ ဦးထိ မြင့်တက် (ရုပ်သံ)

ဓာတ်ပုံ - Reuters
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်းတွေကို ဆူနာမီရေလှိုင်းတခု ရိုက်ခတ်အပြီး ဒီဇင်ဘာ ၂၄ ရက် မနက်မှာ သေဆုံးသူ ၂၈၁ ဦးထိ မြင့်တက်သွားပါတယ်။ တခြားလူ ၁၀၁၆ ဦး ဒဏ်ရာရပြီး ၅၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ စထရိတ်တိုင်းမ်စ် သတင်းစာက အစီရင်ခံပါတယ်။ ရာနဲ့ချီတဲ့ အိမ်တွေနဲ့ အဆောက်အဦတွေလည်း အကြီးအကျယ် ပျက်စီးတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက်ညမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။ အိမ်ပျက်တွေ၊ မှောက်နေတဲ့ ကားတွေနဲ့ ပြိုလဲနေတဲ့ သစ်ပင်တွေ လမ်းတချို့မှာ ပိတ်ဆို့နေလို့ လုပ်သားတွေနဲ့ လူနာတင်ယာဉ်တွေ အခက်တွေ့နေပါတယ်။ စူမားတြားကျွန်းပေါ်က အခြေအနေကို ရိုက်ကူးထားတဲ့ ရုပ်သံကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ညနေ ၆ နာရီလောက်မှာ ပိုမြင့်တဲ့ မြေနေရာဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ကပ်ဘေးသက်သာရေး အေဂျင်စီက ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်းတို့ကြားက စန်ဒါ ရေလက်ကြားမှာ ဒီဇင်ဘာ ၂၂ ရက်ညက အာနက်ကရာကာတိုအာ မီးတောင် ပေါက်ကွဲပြီး ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up