ဆားဘီးယားတွင် နိုင်ငံရေးအကြမ်းဖက်မှု အဆုံးသတ်ရေး လူထောင်ချီ ဆန္ဒပြ

ဓာတ်ပုံ - BIRN
ဆားဘီးယားနိုင်ငံမှာ နိုင်ငံရေးအကြမ်းဖက်မှု အဆုံးသတ်ရေးနဲ့ မီဒီယာတွေက သတင်းကြေညာရာမှာ မျှမျှတတဖြစ်ရေး တောင်းဆိုရင်း ထောင်နဲ့ချီတဲ့လူတွေ ချီတက် ဆန္ဒပြနေပါတယ်။ ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်မှာ ထောင်နဲ့ချီတဲ့လူတွေက သမ္မတ အလက်ဇန်းဒါး ဗူစစ်ခ်ျရဲ့ မူဝါဒတွေကို ဆန့်ကျင်ပြီး ဒီဇင်ဘာ ၂၂ ရက်က ဆန္ဒပြနေတာပါ။ နိုင်ငံရေးအကြမ်းဖက်မှု အဆုံးသတ်ရေးနဲ့ ပြည်သူပိုင် ရုပ်သံ ရေဒီယိုတွေကနေ ပိုပြီး မျှမျှတတ သတင်းကြေညာရေး တောင်းဆိုခဲ့ပါတယ်။ ဒါဟာ ဆားဘီးယား လက်ဝဲယိမ်းပါတီခေါင်းဆောင် ဘော်ကို စတီဖာနိုဗစ်ခ်ျ နိုဝင်ဘာ ၂၃ ရက်က ပြင်းပြင်းထန်ထန် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရအပြီး တတိယမြောက် လူထုဆန္ဒပြပွဲကြီးလည်း ဖြစ်ပါတယ်။ သမ္မတ ဗူစစ်ခ်ျဟာ သက်ဦးဆံပိုင် အာဏာရှင်တယောက်လို့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ သူ့ရဲ့ ဆားဘီးယား တိုးတက်ရေးပါတီကိုလည်း အဂတိလိုက်စားမှုအဖြစ် ပုံဖော် ပြောဆိုပါတယ်။ ဆားဘီးယား မီဒီယာ အများအပြားကိုလည်း သူက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ဒီဆန္ဒပြပွဲက မှေးမှိန်မသွားဘဲ အားကောင်းတဲ့ လှုပ်ရှားမှုအဖြစ် ကြီးထွားလာဖို့ မျှော်လင့်တယ်၊ နီးကပ်တဲ့ အနာဂတ်မှာ ပိုကောင်းတဲ့ဘဝတွေ ဖြစ်လာနိုင်ဖို့နဲ့ ကောင်းတာတခုခု ပေါ်ထွက်လာဖို့လည်း မျှော်လင့်တယ်လို့ ဆန္ဒပြသူ ပါဗယ်လ် စတာဆစ်ခ်က ပြောပါတယ်။ "ဆားဘီးယားမှာ အကြမ်းဖက်မှုတွေကို ဆက်ပြီး သည်းခံမှာမဟုတ်ဘူးလို့ အာဏာပိုင်တွေကို ရှင်းလင်းတဲ့ သတင်းစကားပေးဖို့ ဒီည ဒီမှာ ရောက်နေတယ်၊ ကျေန်ာတို့ဟာ အဂတိလိုက်စားမှုတွေ၊ ရာဇဝတ်မှုတွေကို ဆက်သည်းခံမှာ မဟုတ်ဘူး၊ ဒီနိုင်ငံကို မာဖီးယားတွေက ချယ်လှယ်နေတာကိုလည်း ဆက်သည်းခံမှာ မဟုတ်ဘူး၊ နိုင်ငံမှာ ဖြစ်နေသမျှ အားလုံးကို ဆန့်ကျင်ခုခံနိုင်ကြောင်း ပြချင်တယ်" လို့ ဆန္ဒပြသူ အိုင်ဗန် မန်းဒစ်က ပြောပါတယ်။ ဆားဘီးယားနိုင်ငံအတွင်း သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲက ရှားပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ယူဂိုဆလားဗီးယား ပြိုကွဲအပြီး အမျိုးသားရေးဝါဒီ ဗူစစ်ခ်ျဟာ ဥရောပတန်ဖိုးကို အလေးထားခဲ့တာပါ။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးကိုလည်း ဗျူဟာမြောက်ပန်းတိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ တဖက်မှာလည်း သူဟာ ရုရှား၊ တရုတ်အစိုးရတွေနဲ့လဲ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up