ရေလွှာလျှောစီးချန်ပီယံဖြစ်ခဲ့သည့် မသန်စွမ်းကလေးငယ် ရုပ်သံ ကြည့်ရှုသူ ၁၈ သန်းကျော်ရှိ (ရုပ်သံ)

“ကျနော့်ရဲ့ စူပါ ပါဝါကတော့ မှော်ဆန်ဆန်စကား ၃ ခွန်းနဲ့ ပြောရရင် ယုံကြည်မှု၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ စိတ်စွမ်းအင်လို့ ပြောရမှာပါ။” ဒါကို ပြောလိုက်တာကတော့ မသန်ပေမယ့် စွမ်းတဲ့ ကလေးငယ်တဦးဖြစ်တဲ့ ဒေဗီပါပဲ။ သာမန်လူတွေအဖို့တောင် လုပ်နိုင်ဖို့ခက်မယ့် ရေလွှာလျှောစီးတာမျိုးကို သူကတော့ ကောင်းကောင်းကြီး လုပ်ဆောင်နိုင်သူတဦးပါ။ “ကျနော်ကတော့ ဒေဗီတိုင်ဆီရာပါ။ ရာဒီကယ်လ် ဒေဗီဇင်ဟိုလို့လည်း သိကြပါတယ်။ ကျနော့်အသက် ၁၃ နှစ်ရှိနေပါပြီ။ ကျနော်က ကမ္ဘာ့ရေလွှာလျှောစီး ချန်ပီယံဆု ဆွတ်ခူးရရှိထားသူပါ။” ဒေဗီ ရေလွှာလျှောစီးနေတဲ့ ရုပ်သံဖိုင်ကို Local Heroes ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ် မျှဝေခဲ့ရာမှာတော့ အခုချိန်ထိ ကြည့်ရှုသူ ၁၈ သန်းကျော်၊ ပြန်လည်မျှဝေသူ ၂ သိန်းကျော် ရှိပါတယ်။ ဒေဗီရဲ့ ခြေတွေ လက်တွေဟာ ငယ်စဉ်ကတည်းက ကြီးထွားဖွံ့ဖြိုးမှု ရှိမလာခဲ့ဘဲ ခုလို ရောဂါတမျိုးနဲ့ ရှိနေခဲ့ကြတာ ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ “ကျနော့်မိဘတွေကို မေးဖူးပါတယ်။ ဘာလို့ ကျနော်က သူငယ်ချင်းတွေနဲ့ မတူတာလဲ ဆိုပြီးတော့ပေါ့။ ဘာလို့မေးတာလဲဆိုတော့ ကျောင်းတက်တော့ ကျနော့်ကို လှောင်ပြောင် အနိုင်ကျင့်ခံရတယ်လေ။ ခုတော့ ကျနော် နေသားကျသွားပါပြီ။ ဘာကိုမှ ဂရုမစိုက်တော့ပါဘူး။” တခါတရံမှာတော့ ဒေဗီက သူဟာ မသန်စွမ်းတယောက်ဖြစ်တယ် ဆိုတာကိုတောင် မေ့နေတယ်လို့ ပြောပြီး သူ့ဘဝမှာ အရေးအပါဆုံးက အမေဖြစ်တယ်လို့လည်း ပြောပါတယ်။ “အမေက ကျနော့်ဘေးမှာ အမြဲရှိတယ်။ ကျနော့်အိပ်မက်တွေကို အမေက ဘယ်တော့မှ အရှုံးမပေးဘူး။” မိခင်ဖြစ်သူကတော့ ဒေဗီကို ကိုယ်ဝန်ဆောင်ချိန်ကနေ မွေးလာပြီးချိန်အထိ သူက ပြောစကားနားထောင်တဲ့ လိမ္မာတဲ့သား ဖြစ်တယ်လို့ ဆိုပါတယ်။ "ကျမက သားကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းစေချင်တာပါပဲ။ ဘဝဆိုတာ အမျိုးမျိုးသော အံ့သြစရာတွေနဲ့ ပြည့်နေပြီး ရွေးချယ်စရာတွေနဲ့ ရှိနေတာကို မြင်စေချင်တယ်။ ဒါပေမယ့် သူ့ကိုယ်သူတော့ ယုံကြည်ဖို့ လိုအပ်ပါတယ်။” ဒီအားကစားနည်းကတော့ ဒေဗီရဲ့ဘဝကို အများကြီး ပြောင်းလဲသွားစေခဲ့တာပါပဲ။ “ကျနော့်ဘဝမှာ အပျော်ဆုံး အခိုက်အတန့်က ပထမဆုံး ချန်ပီယံဆု ရရှိခဲ့တဲ့အချိန်ပါပဲ။ ကျနော့်ရဲ့ ကြိုးစားအားထုတ်မှုအတွက် ရလာခဲ့တဲ့ ဆုတွေပါ။ ကျနော် တနှစ်ပတ်လုံး လေ့ကျင့်တယ်။ ကျနော့်အိပ်မက်တွေအတိုင်း ဖြစ်လာဖို့ ဘယ်တော့မှ လက်မလျှော့ပါဘူး။” ရုပ်သံ - Local Heroes Facebook

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up