ဟားခါးမြို့နယ်၌ ခရီးသည်တင်ကားချောက်ထဲထိုးကျ၍ ၅ ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာရ
DVB
·
December 23, 2018
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ လမ်သုတ်ကျေးရွာအနီးမှာ မနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းအောက် ချောက်ထဲထိုးကျလို့ လူ ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာ ရရှိသွားပါတယ်။
သီနမ်းအုပ်စု၊ လမ်သုတ်ကျေးရွာနဲ့ လုံကျွေးကျေးရွာအနီး မိုင်တိုင် ၄၁ ၊ (၂/၃)ဖာလုံအကြား မှာ မနေ့မွန်းလွဲ ၁ နာရီက ကလေးမြို့မှ ဟားခါးမြို့သို့ထွက်ခွာလာတဲ့ ခရီးသည်တင်ကားဟာ အရှိန်မထိန်းနိုင်ပဲ ကားလမ်းအောက် ချောက်ထဲသို့ ပေ ၁၅၀ လောက် ထိုးကျ ယာဉ်တိမ်းမှောက်ခဲ့တာပါ။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း မောင်ဘွေလျန်း အသက် ၂၁နှစ်နဲ့အတူ လမ်းကြုံလိုက်ပါလာကြသူ ၃ ဦး နေရာမှာပင်သေဆုံးပြီး ၁ ဦးက ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းမှာ သေဆုံးခဲ့ပါတယ်။
ကျန်ခရီးသည်တွေထဲက အခြေအနေစိုးရိမ်ရတဲ့ ဒဏ်ရာရလူနာ ၃ ဦး၊ မစိုးရိမ်ရတဲ့ ဒဏ်ရာရ ရှိသူ ၁၄ ဦး စုစုပေါင်း ဒဏ်ရာရသူ ၁၇ ဦးကို ဟားခါးဆေးရုံကြီးသို့ ပို့ဆောင် အတွင်းလူနာအဖြစ် ဆေးကုသပေးနေပါတယ်။
အဆိုပါ ယာဉ်မတော်တဆဖြစ်မှုနဲ့ ပတ်သက်ပြီး ရဲအုပ်ကိုကိုမောင်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄ - က /၃၃၈/၃၃၇ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။
မြင့်နိုင်စိုး (ထီးလှိုင်မြေ)