ခန္တီးမြို့တွင် ကောင်းကင်ပေါ်က ကျလာသည့် အရာဝတ္တုတခု ထပ်မံတွေ့ရှိ
DVB
·
December 23, 2018
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ ရတနာလမ်း (လေယာဉ်ကွင်းလမ်း)ပေါ်ကို ကောင်းကင်ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ အမည်မသိအရာဝတ္တုတခု ဒီဇင်ဘာ ၂၂ ရက် မနက် ၆ နာရီခွဲက ကျလာပါတယ်။
ပြုတ်ကျလာတဲ့အရာက ဖိုက်ဘာကိုယ်ထည်နဲ့ဖြစ်ပြီး အလျား၉ ပေ၊ ၈ လက်မခွဲ၊ အနံ ၂ ပေ၊ ၈ လက်မနဲ့ တခြားတဖက်က ၄ ပေ၊ ၃ လက်မရှိကာ အဲဒီမှာ ပါတဲ့ ဝါယာကြိုးထည့်တဲ့ ပိုက်အရှည်က ၁၃ ပေ၊ ၉ လက်မရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ၂၃ ရက် မနက် ၉ နာရီခန့်အချိန်မှာလည်း မနေ့က တွေ့ရှိတဲ့ အစိတ်အပိုင်းရဲ့ ဆက်စပ်ပစ္စည်းလို့ ယူဆရတဲ့ပစ္စည်းတခုကို ပေါမိုင်းရပ်ကွင်၊ စွမ်းထက်ဆီဆိုင်ရှေ့မှာ ထပ်မံတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာက လာရောက်သိမ်းဆည်းသွားပါတယ်။
ခန္တီးမြို့ခံတဦးက"ဒီမနက်တွေ့တာကတော့ သေးတယ်။ ၂ လက်မ လောက်ပဲရှိမယ်။ မနေ့ကလည်း ခန္တီးနဲ့ ၃ မိုင်လောက်အကွာက လာဝယ်ရွာမာ ထပ်တွေ့လို့ဆိုပြီး သက်ဆိုင်ရာက သွားရောက်စစ်ဆေးတာ ဘာမှမတွေ့ခဲ့ဘူး။ ပေါက်ကွဲသံကြားရတာဖြစ်တဲ့အတွက် အခုလိုပဲ အပိုင်းအစတွေ ရှိနေနိုင်သေးတယ်"လို့ ပြောပါတယ်။
မြေပြင်မှာတွေ့ရှိခဲ့တဲ့ပစ္စည်းတွေဟာ ဘယ်ကနေ ဘယ်လို ကျလာတဲ့ အစိတ်အပိုင်းတွေဖြစ်တယ်ဆိုတာကိုတော့ သက်ဆိုင်ရာက အတည်ပြု ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
တွေ့ရှိထားတဲ့ အပိုင်းအစတွေကိုတော့ ခန္တီးလေဆိပ်၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကနေ ခန္တီးစစ်ဗျုဟာကို သယ်ယူသွားပြီလို့ သိရပါတယ်။