Home
မြန်မာသတင်း
ကာကွယ်ဆေးလုပ်ငန်းအတွက် GAVI ထောက်ပံ့ငွေ ဒေါ်လာ သန်း ၆၀ ရထားဟုဆို
DVB
·
December 22, 2018
မြန်မာပြည်တွင်း ကာကွယ်ဆေးလုပ်ငန်းတွေအတွက် ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးရရှိရေး မဟာမိတ်အဖွဲ့ (GAVI) ကနေ အထောက်အပံ့ အမေရိကန်ဒေါ်လာ သန်း ၆၀ ရထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတင်းတွေအရ သိရပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့က နေပြည်တော် ကျန်းမာရေးဝန်ကြီးရုံးမှာလုပ်တဲ့ ဒီထောက်ပံ့ငွေနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းတွေ အကြောင်း တာဝန်ရှိသူတွေက ဝန်ကြီးကို ရှင်းလင်းရာမှာ ပြောခဲ့တာပါ။ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဒေါက်တာသန်းထွန်းအောင်နဲ့ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း စီမံချက်မန်နေဂျာ ဒေါက်တာ ဒေါ်ထားထားလင်းတို့က ရှင်းလင်းခဲ့ကြပြီး ၂၀၁၉ ခုနှစ်ကနေ ၃ နှစ်ကာလအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ထောက်ပံ့မယ်လို့ ဆိုပါတယ်။ ဒီထောက်ပံ့တာကနေ ရောဂါကာကွယ်ဆေးတွေကို ပြည်သူတွေကိုယ်တိုင် လိုလိုလားလား တောင်းဆို ထိုးနှံရေး အားဖြည့်ဆောင်ရွက်ဖို့၊ ကာကွယ်ဆေး အအေးလမ်းကြောင်းစနစ် တိုးချဲ့တာနဲ့ တိုးတက် ကောင်းမွန်စေဖို့၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ပေါင်းစပ်ညှိနှိုင်းမှု ပိုင်းဆိုင်ရာ အားဖြည့်ဆောင်ရွက်ဖို့၊ ကျန်းမာရေးစောင့်ရှောက်တာ (အထူးသဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းတွေ) လက်လှမ်းမီ ရရှိတာ ပိုပြီးတန်းတူညီမျှစေဖို့၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ စာရင်းဇယားအချက်အလက်တွေ စီမံခန့်ခွဲတာနဲ့ စောင့်ကြည့် ဆန်းစစ်တာတွေကို အားဖြည့် ဆောင်ရွက်ဖို့၊ စီမံချက်လုပ်ငန်းတွေကို စီမံခန့်ခွဲတာ ခိုင်မာအားကောင်းလာစေဖို့ ရည်ရွယ်လုပ်ဆောင်မယ်လို့ ပြောပါတယ်။ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဝန်ကြီးဌာနနဲ့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းတို့က သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ပါဝင်အကောင်အထည်ဖော်သွားကြမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးဝယ်ယူတဲ့ နှစ်စဉ်ကုန်ကျစရိတ် စုစုပေါင်းရဲ့ ၇၆ ရာခိုင်နှုန်းကို GAVI အဖွဲ့က ပံ့ပိုးပေးနေပြီး ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ကာကွယ်ဆေးတွေ၊ ပုံမှန်ကာကွယ်ဆေးထိုးနဲ့ အပိုဆောင်း ကာကွယ်ဆေးထိုးလုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ ၁၁၆ သန်းကျော် အထောက်အပံ့ ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် ကာကွယ်ဆေးနဲ့ လုပ်ငန်း အကောင်အထည်ဖော်ဖို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၈ သန်း ထောက်ပံ့ပေးခဲ့တယ် လို့လည်း ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးလုပ်ငန်းကို ၁၉၇၈ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်ဝါရီကစလို့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ကာကွယ်ဆေးစုစုပေါင်း ၁၁ မျိုးကို ထိုးနှံပေးနေတာပါ။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အခြေစိုက်တဲ့ GAVI အဖွဲ့ကို  ၂၀၀၀ ပြည့်နှစ်ကတည်းက စတင် ထူထောင်တာဖြစ်ပြီး မြန်မာအပါအဝင် ဆင်းရဲတဲ့နိုင်ငံတွေက ကလေးငယ်တွေ ကာကွယ်ဆေး အကူအညီတွေရအောင် ထောက်ပံ့ကူညီပေးနေတဲ့  အဖွဲ့ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024