Home
မြန်မာသတင်း
ခန္တီးတွင် ပေါက်ကွဲသံနှင့်အတူ ကောင်းကင်မှ လေယာဉ်အပိုင်းအစဟုယူဆရသည့်ပစ္စည်း ပြုတ်ကျ
DVB
·
December 22, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ နားမေတ္တာရပ်၊ ရတနာလမ်း (လေယာဉ်ကွင်းလမ်း) ပေါ်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် ၆ နာရီခွဲလောက် ကောင်းကင်ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ ပစ္စည်းတခု ပြုတ်ကျလာမှု ဖြစ်ပွားခဲ့ပါတယ်။ မြို့ထဲမှာ အထူးအဆန်း ဖြစ်သွားခဲ့ပြီး လာရောက်ကြည့်ရှုသူတွေလည်း များပြားခဲ့တယ်လို့ သိရပါတယ်။ "သတင်းကြားကြားချင်း ဌာနဆိုင်ရာတွေ၊ ဗျုဟာက တာဝန်ရှိသူတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကြည့်ရှုခဲ့တယ်။ လောလောဆယ်တော့ ကျွမ်းကျင်သူတွေ စစ်ဆေးနိုင်ဖို့ လေဆိပ်အဆောက်အဦမှာ ပို့ဆောင် ထိန်းသိမ်းထားတယ်။ ဘာလို့တော့ ကျွမ်းကျင်သူ မဟုတ်တဲ့အတွက် မပြောတတ်ဘူး။ ၁ ခုပဲတွေ့တယ်။ အခြားထိခိုက်ဒဏ်ရာ မရှိဘူး။ အဲဒီအစိတ်အပိုင်းမှာတော့ တရုတ်စာလား၊ ဂျပန်စာလားတော့ မသိဘူး။ စာ ၂ လုံးတော့ ပါတယ်။ သက်ဆိုင်ရာတင်ပြပြီး ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ"လို့ ခန္တီးမြို့မစခန်း ဒုစခန်းမှုး ရဲအုပ် ကိုကိုမင်းထွန်းက ပြောပါတယ်။ ပြုတ်ကျလာတဲ့အရာက ဖိုက်ဘာကိုယ်ထည်နဲ့ဖြစ်ပြီး အလျား ၉ ပေ၊ ၈ လက်မခွဲ၊ အနံ ၂ ပေ၊ ၈ လက်မ နှင့် အခြားတဖက်က ၄ ပေ၊ ၃ လက်မရှိကာ အဲဒီမှာ ပါတဲ့ ဝါယာကြိုးထည့်တဲ့ ပိုက်အရှည်က ၁၃ ပေ၊ ၉ လက်မရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကွန်ကရစ်ခင်းထားတဲ့ လေယာဉ်ကွင်းသွားရာလမ်း အနည်းငယ် ထိခိုက်တာကလွဲရင် တခြား လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာ ရရှိတာ မရှိဘူးလို့ သိရပါတယ်။ ခန္တီးမြို့နဲ့ ၃ မိုင်အကွာ လာဝယ်ရွာအနီးမှာလည်း နောက်ထပ် အပိုင်းအစတခု ထပ်မံတွေ့ရှိရလို့ ဌာနဆိုင်ရာတွေ သွားရောက်ကြည့်ရှု့စစ်ဆေးနေပါတယ်။ အခြားနေရာမှာလည်း တွေ့ရှိနိုင်တယ်လို့ ယူဆရတာကြောင့် သက်ဆိုင်ရာက ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024