ကင်းမြီးကောက်ထောင် တွားသွားရင်း ခက်ခက်ခဲခဲ ကျောင်းတက်ရသည့် မသန်စွမ်းကလေးငယ် (ရုပ်သံ)

ကင်းမြီးကောက်ထောင် တွားသွားရင်း ကျောင်းတက်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံက အသက် ၈ နှစ်အရွယ် မသန်စွမ်း အာဂကလေးငယ်တဦးဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ သုံးတန်းကျောင်းသားလေး မူခလစ်စ်အဗ္ဗဒူလ်ဟိုလစ်ခ်ဟာ ပုံသဏ္ဌာန်မမှန် ပုံပျက်နေတဲ့ ခြေလက်တွေနဲ့ မွေးဖွားလာခဲ့တဲ့အတွက် ခုလိုအနေအထားနဲ့ လှုပ်ရှားနေခဲ့ရတာ ဖြစ်တယ်လို့ စထရိတ်တိုင်းမ်သတင်းမှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ဖော်ပြပါတယ်။ သူဟာ အနောက်ဂျာဗားပြည်နယ်ထဲက ကျေးရွာတရွာမှာ နေထိုင်တာဖြစ်ပြီး စာသင်ကျောင်းကို သွားတဲ့လမ်းဟာ ကျောက်တုံးကျောက်ခဲတွေနဲ့ ကြမ်းတမ်းပြီး သစ်သားတံတားအိုတစင်းကိုလည်း ဖြတ်သန်းရသေးတာမို့ ၈ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ်တဦး အဖို့တော့ ဒါဟာ ရိုးရိုးသာမန် ခရီးတခုတော့ မဟုတ်ခဲ့ပါဘူး။ အကွာအဝေး ၆ ကီလိုမီတာလောက်ရှိတဲ့ ခရီးမှာ အတက်အဆင်းတွေကို လေးဘက်တွားသွားတဲ့အခါ သွားလိုက်၊ တံတားကို ဖြတ်မယ့်အချိန် ကင်းမြီးကောက်ထောင် ကူးတဲ့အခါ ကူးဖြတ်လိုက်နဲ့ နေ့စဉ် ခုလို သွားလာလှုပ်ရှားနေရတဲ့ ဟိုလစ်ခ်ရဲ့ ဖြတ်သန်းမှုဟာ လူပြောများလာပြီးတဲ့နောက် သမ္မတ ဂျိုကို ဝီဒိုဒိုက သူ့ကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ “သူ့ကို ဘာလိုအပ်သလဲလို့ မေးတဲ့အခါ ဘာမှမလိုချင်ဘူးလို့ ပြောခဲ့ပါတယ်။ ကျနော်က သူ လက်ဆောင်တခုခု တောင်းလိမ့်မယ်လို့ တွေးထားခဲ့တာ။ သူက တက္ကသိုလ်ထိ ဆက်တက်ချင်ပါတယ်လို့ပဲ ဖြေခဲ့တယ်” လို့ သတင်းထုတ်ပြန်ချက်ထဲမှာ သမ္မတက ဖော်ပြခဲ့တာပါ။ ဟိုလစ်ခ်ရဲ့ မိခင်ဖြစ်တဲ့ ပီပင်းကတော့ “ကျမတို့မှာ ပိုက်ဆံရှိရင်တော့ သူက မော်တော်ဆိုင်ကယ် တက္ကဆီနဲ့ သွားနိုင်မှာပေါ့။ ခုက ကျပ်တည်းတော့ ခုလိုပဲ သွားနေရတယ်။ မိုးရွာရွာ၊ နေပူပူ သူကတော့ ဘယ်တော့မှ ဆင်ခြေမပေးဘဲ ကျောင်းကို နေ့တိုင်းသွားတယ်” လို့ ပြောပါတယ်။ ဟိုလစ်ခ်နဲ့ အင်ဒိုနီးရှားသမ္မတ တွေ့ဆုံမှုဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကဖြစ်ပြီး သူ့အနေနဲ့ ဂျိုကိုနဲ့ တွေ့ဆုံရတာ ဝမ်းသာတယ်လို့ ပြောခဲ့ပါတယ်။ အေအက်ဖ်ပီသတင်းနဲ့ တွေ့ဆုံမှုမှာတော့ ဟိုလစ်ခ်က “ကျနော်က မီးသတ်သမား၊ ဆရာဝန်၊ အာကာသယာဉ်မှူးတယောက် ဖြစ်ချင်ပါတယ်” လို့ ဖြေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up