Home
မြန်မာသတင်း
စစ်ရေးလှုပ်ရှားမှုအားလုံးကို ၄ လကြာ ရပ်ဆိုင်းပေးမည်ဟု တပ်မတော်ကြေညာ
DVB
·
December 21, 2018
အန်စီအေ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့နဲ့  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ညှိနှိုင်းဆွေးနွေးဖို့အတွက် တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ ၄ လကျော်ကြာ စစ်ဆင်ရေး ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ တပ်မတော်က ခုလို တဖက်သတ် အပစ်အခတ်ရပ်စဲပေးလိုက်တာ နိုင်ငံသမိုင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး တပ်မတော်က ငြိမ်းချမ်းရေးအတွက် နှစ်သစ်မှာ မျှော်လင့်ချက် အသစ်တွေပေးလို့ ကြိုဆိုတယ်လို့  စာရေးဆရာ သန်းစိုးနိုင်က ပြောပါတယ်။ “ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အတော်လေးကို စိတ်ရှုထွေးစရာနဲ့ ပန်းတိုင်များေ၀၀ါး ပျောက်ကွယ်မလားလို့ ထင်စရာတွေ ရှိလာတယ်။ အခု တပ်မတော်က လှမ်းလိုက်တဲ့ ခြေလှမ်းဟာ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်သစ်တွေ နှစ်သစ်ကူးမှာ ပေးနိုင်တဲ့အတွက် ကျနော်တို့ ကြိုဆိုတယ်။” ၁၉၆၃ ခုနှစ် ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်အစိုးရက  အလားတူ အပစ်ရပ် ကြေညာခဲ့ဖူးပါတယ်။ တပ်မတော်ရဲ့ ကြေညာချက်မှာတော့ တပ်မတော်အနေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတွေရှိ အန်စီအေ လက်မှတ်ထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တဖွဲ့ချင်းညှိနှိုင်းဆွေးနွေးသွားဖို့ လိုအပ်မယ်လို့ ယူဆကြောင်း ဖော်ပြပါတယ်။ ဒါ့ကြောင့် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကိုလည်း တပါတည်း ဖွဲ့စည်းပေးခဲ့ပါတယ်။ တဆက်တည်းမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့နဲ့လည်း အန်စီအေစာချုပ်ပါ သဘောတူညီချက်တွေအတိုင်း ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က တဖွဲ့ချင်းအလိုက် ဆွေးနွေးမယ်လို့လည်း ဆိုထားပါတယ်။ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြတဲ့အခါ တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ထဲက သဘောတူစာချုပ်တွေအတိုင်း ကတိတည်ဖို့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေအပေါ် အမြတ် မထုတ်ဖို့၊ ဒေသခံလူထုအပေါ် ၀န်ထုတ်ဝန်ပိုး မဖြစ်စေဖို့နဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ လိုမယ်လို့လည်း   တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီအတောအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်ခြင်း၊ ဒေသခံတွေအပေါ် အနိုင်ကျင့်တာမျိုး မလုပ်ဖို့လည်း သတိပေးထားပါတယ်။ အလားတူ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လူထုကို ထိခိုက်မယ့်ကိစ္စတွေ မလုပ်ကြဖို့ တာဝန်ယူရမယ်၊ ဒီအချက်တွေကို မလိုက်နာရင်တော့ တပ်မတော်အနေနဲ့ လိုအပ်သလို တားဆီးဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။ တပ်မတော်အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးမြောက်အောင် သန္နိဋ္ဌာန်ချထားကြောင်းလည်း ထပ်လောင်း ဖော်ပြထားပါတယ်။ အဆိုပါထုတ်ပြန်ချက်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတို့ ဒီကနေ့ နေပြည်တော် တွေ့ဆုံပွဲမှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ -www.seniorgeneralminaunghlaing.com.mm  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024