Home
မြန်မာသတင်း
အရှုံးပေါ်နေသဖြင့် ရပ်ဆိုင်းထားသည့် နိုင်ငံပိုင်စက်ရုံများတွင် ၀န်ထမ်းပေါင်း ၁၀၀၀၀ ကျော်ရှိနေ
နေဖြိုးဝင်း
·
December 20, 2018
အရှုံးပေါ်နေတဲ့အတွက် ရပ်ဆိုင်းထားတဲ့ စက်မှုဝန်ကြီးဌာနအောက်က စက်ရုံ အလုပ်ရုံတွေမှာ အလုပ်သမားဝန်ထမ်းပေါင်း တသောင်းကျော်ရှိတဲ့အနက် တထောင်ကျော်ကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ စက်မှု ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။ စက်မှုဝန်ကြီးဌာနမှာ စက်ရုံ၊ အလုပ်ရုံပေါင်း ၁၁၃ ရုံရှိပြီး ၅၇ ရုံမှာ ပုဂ္ဂလိကနဲ့ ပူးပေါင်း ဆောင်ရွက်နေကာ အရှုံးပေါ်နေတဲ့ စက်ရုံ ၂၂ ရုံနဲ့ သံမဏိစက်ရုံစီမံကိန်း ၂ ခုတို့ကို ပြည်ထောင်စုလွှတ်တော်ရဲ့  ဆုံးဖြတ်ချက်နဲ့ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ ဒီရပ်ဆိုင်းထားတဲ့ စက်ရုံတွေမှာ ၀န်ထမ်းပေါင်း ၁၀,၆၃၇ ဦးရှိရာမှာ ၀န်ထမ်းတွေရဲ့ဆန္ဒအရ ပြောင်းရွှေ့တာနဲ့ အခြားဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေက ခေါ်ယူမှုတွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ပေးခဲ့တာ စုစုပေါင်း ၁,၀၀၀ ကျော် ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက “လတ်တလောအခြေအနေအရ စက်ရုံတွေကို ရပ်ဆိုင်းထားရပေမယ့် ပုံမှန်လည်ပတ်မယ်ဆိုရင် လက်ရှိဝန်ထမ်းတွေနဲ့ပဲ ထုတ်လုပ်မှု ဆောင်ရွက်သွားနိုင်ဖို့နဲ့ သံမဏိစက်ရုံစီမံကိန်းတွေ တည်ဆောက်ပြီးရင် ထပ်မံလိုအပ်လာမယ့် ၀န်ထမ်းတွေကိုလည်း လက်ရှိအင်အားကနေပဲ ထုတ်နုတ်ပြီး တာဝန်ပေးသွားမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။ ရပ်ဆိုင်းထားရတဲ့ စက်ရုံတွေ ပြန်လည်ပတ်ခွင့်ရရင် အဆင်သင့်ဖြစ်အောင် PPP စနစ် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း စက်မှုဝန်ကြီးက အမျိုးသား လွှတ်တော်မှာ ပြောပါတယ်။ “လတ်တလောရပ်ဆိုင်းစက်ရုံတွေကို ပြန်လည် လည်ပတ်ပြီး လုပ်ငန်းတွေဖော်ထုတ်ခွင့်ရရင် အဆင်သင့်ရှိစေဖို့ တီထွင်ဆန်းသစ်မှုတွေ ဆောင်ရွက်တာ၊ ထုတ်ကုန်အမယ်သစ်တွေ ပြောင်းလဲ ထုတ်လုပ်တာတွေနဲ့အတူ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရေး စီစဉ်ဆောင်ရွက်နေပါတယ်” စက်ရုံတွေရပ်ဆိုင်းထားတဲ့ ကာလအတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေးကြီးဌာန၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်တွေပါတဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ တွေဟာ လေ့လာဆန်းစစ်နေပြီး စက်ရုံတွေ ပုံမှန်လည်ပတ်နိုင်ရေးကို စနစ်တကျ အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၉ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မွန်ပြည်နယ်မဲဆန္ဒနယ်က ဒေါ်သီရိရတနာရဲ့ စက်မှုဝန်ကြီးဌာနမှာဖြစ်ပေါ်နေတဲ့ ၀န်ထမ်းပိုလျှံနေတာကို အကျိုးရှိအောင် မည်သို့ စီမံမည်ကို သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး ၀န်ကြီးက ပြန်လည်ဖြေဆိုတာပါ။ စက်မှုဝန်ကြီးဌာနအနေနဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ လက်ရှိဖွဲ့စည်းပုံကို လျော့ချပြီး အလုပ်သမား ၃၇၈၀၀ ဦးနဲ့ ပြင်ဆင်ရေးဆွဲ နေတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024