ချစ်စဖွယ် တရုတ် ရုပ်ရှင်စတား သရုပ်ဆောင်ခွေးကလေး ပုံတူမျိုးပွား (ရုပ်သံ)

ဂျုစ်ဟာ တရုတ်နိုင်ငံမှာတော့ ထင်ရှားတဲ့ သရုပ်ဆောင် ခွေးကလေးတကောင်ဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ ရုပ်သံထုတ်လုပ်မှုတွေ၊ ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေရတဲ့ နာမည်ကျော် ခွေးကလေးတကောင်ပါ။ ခုနောက်ပိုင်းမှာတော့ သူဟာ အသက်အရွယ် ကြီးပြင်းလာပြီ ဖြစ်တဲ့အတွက် ပိုင်ရှင်ဖြစ်သူက ပုံတူမျိုးပွားနိုင်ဖို့ ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ဂျုစ်ရဲ့သခင်ဖြစ်တဲ့ ဟီဂျွန်ကတော့ “သူ့မှာ ပရိသတ်တွေ အများကြီးရှိပါတယ်။ ဒါက လူမှုကွန်ရက်ပေါ်မှာ သူ့ရဲ့ လွှမ်းမိုးနိုင်မှုအတွက် ဉာဏပစ္စည်းမူပိုင်ခွင့် တစိတ်တပိုင်းပါပဲ။ သူ့ကို ကျနော်တို့ ဖန်သားပြင်ပေါ်မှာ ဆက်တွေ့ချင်ကြတယ်လေ” လို့ ပြောပါတယ်။ အဖြူရောင် အမွေးပွခွေးကလေး ဂျုစ်ဟာ Mongrel အမျိုးအစား ခွေးကလေးတကောင်ဖြစ်ပြီး ၉ နှစ်သားအရွယ် ရှိနေပြီဖြစ်ကာ သူ့ကို လမ်းပေါ်က ကောက်ယူမွေးစားခဲ့တာပါ။ သူ့ကို မျိုးမပွားနိုင်တာကတော့ အသက်ငယ်ငယ်ကတည်းက ဝှေးသင်းထားတာကြောင့် ဖြစ်ပြီး ပိုင်ရှင်ဖြစ်သူက ဆေးပညာရှင်တွေနဲ့ တိုင်ပင်ပြီးနောက် ခုလိုမျိုး ဗီဇပုံတူ ပွားခဲ့ရတာ ဖြစ်ပါတယ်။ Sinogene ကတော့ ခုလို တိရစ္ဆာန်တွေကို ပုံတူမျိုးပွားနိုင်တဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံးသော ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ ကုမ္ပဏီက ခုလို ပုံတူမျိုးပွားတာတွေလုပ်ဖို့ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေ အနေနဲ့ အမေရိကန်ဒေါ်လာ ၅ သောင်းခွဲ ကုန်ကျမယ်လို့ ကြေညာထားပါတယ်။ ဂျုစ်ရဲ့ ပုံတူမျိုးပွားမှုမှာတော့ Sinogene အနေနဲ့ သူ့ရဲ့ဝမ်းဗိုက်အောက်ပိုင်းက အသားစ နမူနာယူ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဂျုစ်ရဲ့ ပုံတူခွေးကလေးကိုတော့ လစ်တဲလ်ဂျုစ်လို့ အမည်ပေးထားကာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တာပါ။ လက်ရှိမှာတော့ ပိုင်ရှင်အနေနဲ့ အများပြည်သူကို ဖော်ထုတ်ပြသသွားဖို့အတွက် ဘာမှ မပြင်ဆင်ရသေးပေမယ့် ပရိသတ်တွေကတော့ စိတ်ဝင်စားနေကြပါတယ်။ ဂျုစ်နဲ့ သူ့ရဲ့ ပုံတူခွေးကလေး လစ်တဲလ်ဂျုစ်တို့ ပထမအကြိမ် ဆုံတွေ့မှုကိုတော့ စီဂျီတီအဲန်သတင်းမှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up