ရန်ကုန်-မန္တလေးရထားလမ်းတွင် ရထားတိုက်မိသည့် အမျိုးသားတဦး သေဆုံး

ရန်ကုန်-မန္တလေးရထားလမ်း မိုင်တိုင် ၃၂၇/၁၅ နဲ့ ၁၆ အကြား ဝမ်းတွင်းမြို့နယ် စမုံရွာ ဘူတာအနီးမှာ ဒီဇင်ဘာ ၁၉ ရက်ညနေက လမ်းလျှောက်လာသူ အမျိုးသားတဦး ရထားတိုက်မိပြီး သေဆုံးသွားတယ်လို့ ရွှေတောင်နယ်မြေ ရဲစခန်းက ပြောပါတယ်။ အမှတ် (၆) အစုန်အမြန်ရထားဟာ ရန်ကုန်ဘက်ကို မောင်းလာစဉ် အမျိုးသားတဦးဟာ ရထားလမ်း ဝဲဘက်ဘေးအတိုင်း လမ်းလျောက်လာရင်း ရထားနဲ့ မျက်နှာချင်းဆိုင် တိုက်မိကာ ရထားရှေ့ ဘန်ဘာနဲ့ ချိတ်ပါလာပြီး သေဆုံးသွားခဲ့တာပါ။ ရွှေတောင်နယ်မြေ ရဲစခန်းစခန်းမှူး ရဲအုပ် ကျော်နိုင်စိုးက “ရထားနဲ့ တိုက်မိပြီး အမျိုးသားတဦး သေဆုံးသွားတယ်။ အသက် ၃၃ နှစ်လောက်လို့ ခန့်မှန်းတယ်။ အမည်နေရပ် စုံစမ်းနေဆဲပါ။ သေမှုသေခင်း အမှုဖွင့်ထားပါတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။ ဒေသခံကိုဝင်းစိန်က “အံသြစရာပါ။ လူကတော့ သန့်သန့်ပြန့်ပြန့်ပါပဲ။ ရထားကြီးတစင်းလုံး ကို မမြင်တာလား၊ တမင်အတိုက်ခံတာလား တွေးမရဘူး"လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရွှေတောင်နယ်မြေရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၈ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up