Home
မြန်မာသတင်း
သမိုင်းဝင် ဗိုလ်အောင်ကျော်လမ်းကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်သတ်မှတ်
DVB
·
December 20, 2018
ကိုလိုနီခေတ် မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အထင်ကရနေရာက ပါဝင်ခဲ့တဲ့   ဗိုလ်အောင်ကျော်လမ်းကို ရန်ကုန် မြို့ပြအမွေအနှစ် အဖြစ် သတ်မှတ်လိုက်ပါတယ်။ ရန်ကုန် မြို့ပြအမွေအနှစ် အထိမ်းအမှတ်အဖြစ်  (၂၅) ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို ဒီမနက်ပိုင်းက ဗိုလ်အောင်ကျော်လမ်းမှာ တပ်ဆင်ပြီး ခုလို သတ်မှတ်လိုက်တာပါ။။ အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဗိုလ်အောင်ကျော်လမ်းရဲ့သမိုင်းကြောင်းကို သိထားဖို့လိုအပ်တဲ့ အကြောင်းနဲ့ လူအများသိရှိပြီး အဆောက်အဦတွေ၊ နေရာတွေကို ပိုပြီးတန်ဖိုးထား ထိန်းသိမ်းတတ်စေဖို့ တပ်ဆင်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။ “ကျနော်တို့ ရန်ကုန်မြို့ရဲ့လမ်းတွေကို ကြည့်မယ်ဆိုရင် လမ်းတိုင်းလမ်းတိုင်းမှာ သမိုင်းကြောင်းတွေရှိမယ်။ အကြောင်းတရားတွေ ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အခု ဒီလမ်းမကြီးကတော့ လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အသက်ပေးလှူခဲ့တဲ့ ဗိုလ်အောင်ကျော် ကျဆုံးခဲ့တဲ့ လမ်းမကြီးဖြစ်ပါတယ်။ ဒီအတွက် ဒီလမ်းမကြီးကို လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာ ဗိုလ်အောင်ကျော်လမ်းအဖြစ်နဲ့ ပြောင်းလဲသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသမိုင်းကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ ဒီသမိုင်းကြောင်းကို နောင်မျိုးဆက်တွေ သိရှိနိုင်ဖို့အတွက် ဒီနေ့ အပြာရောင်ပလိပ်ပြားကို တပ်တာဖြစ်ပါတယ်။” အင်္ဂလိပ်ကိုလိုနီအစိုးရကို ဆန့်ကျင်တဲ့ ရေနံမြေအလုပ်သမားသပိတ်ကို အားပေးဝန်းရံခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုပြန်လွှတ်ပေးဖို့ ၁၉၃၈ခုနှစ် ဒီဇင်ဘာ ၂၀ရက်  က ရန်ကုန်မြို့ အတွင်းဝန်ရုံးကို ကျောင်းသားတွေ သွားရောက်ဆန္ဒပြရာမှာ စစ်ပလိပ်တွေက နံပတ်တုတ်တွေနဲ့ အကြမ်းဖက်ရိုက်နှက်လူစုခွဲခဲ့တာကြောင့် ယုဒသန် ကောလိပ်ကျောင်းသား ကိုအောင်ကျော်ဟာ လက်ရှိဗိုလ်အောင်ကျော်လမ်းမပေါ်မှာ  ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နဲ့  Philips Electronic တို့ ပူးပေါင်းပြီး ဗိုလ်အောင်ကျော်လမ်းကို ဒီကနေ့မနက် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်(Blue Plaque)ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာပဲ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာလည်း  ၂၆ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို တပ်ဆင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024