ထိုင်းတွင် ယာဉ်မောင်းလိုင်စင်ကတ်အစား ဒစ်ဂျစ်တယ်လ်စနစ်ဖြင့် စစ်ဆေးနည်း အသုံးပြုမည်

1.5K
ထိုင်းနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်တဲ့အနေနဲ့ လာမယ့်နှစ်ဆန်းကစပြီး ယာဉ်မောင်းလိုင်စင်ကတ်ပြား ကိုင်ဆောင်စရာ မလိုတော့ဘဲ အွန်လိုင်းကတဆင့် စစ်ဆေးနိုင်တဲ့ ဒစ်ဂျစ်တယ်လ်စနစ်ကို စတင်ကျင့်သုံးသွားတော့မယ်လို့ ထိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဦးစီးဌာနက ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ဖော်ပြောကြားပါတယ်။
လာမယ့် ၂၀၁၉ ဇန်နဝါရီလလယ်လောက်ကစပြီး ယာဉ်မောင်းလိုင်စင် လာရောက်လုပ်ဆောင်သူ လူသစ်တွေအနေနဲ့ ယာဉ်မောင်းလိုင်စင်ကတ်ပြား ကိုင်ဆောင်စရာ မလိုတော့ဘဲ မိမိလက်ကိုင်ဖုန်းထဲမှာ အပလီကေးရှင်း (Application) ထည့်သွင်းထားရမှာဖြစ်ပြီး တာဝန်ရှိ ယာဉ်ထိန်းရဲတွေ တောင်းကြည့်တဲ့အခါ QR Code ကို Scan ဖတ်ပြီး အချက်အလက်တွေကို စစ်ဆေးသိရှိနိုင်မှာဖြစ်တယ်လို့ ထိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဖိရဖွန်း ထာဝှမ်းဆူဖကျရုန်းက ပြောပါတယ်။
အဲဒီ အပလီကေးရှင်းထဲမှာ ယာဉ်မောင်းလိုင်စင်သက်တမ်း ကုန်ခါနီး ကြိုတင်ပြင်ဆင်ဖို့ အချက်ပေးစနစ် ပါဝင်တဲ့အပြင် ယဉ်စည်းကမ်းဖောက်ဖျက်လို့ ဒဏ်ငွေပေးဆောင်ဖို့၊ မတော်တဆ ယာဉ်ထိခိုက်မှု ဖြစ်ပွားပါက သက်ဆိုင်ရာကို အကြေင်းကြားနိုင်ဖို့ ချိတ်ဆက်နိုင်မယ့်စနစ်ပါ ထည့်သွင်းထားမယ်လို့ ဆိုပါတယ်။
ဒါတင်မကဘဲ ယာဉ်မောင်းသူရဲ့ သွေးအမျိုးအစား၊ မတည့်တဲ့ဆေးဝါး စတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်ပါ ထည့်သွင်းပြီး ကျန်းမာရေးအာမခံစနစ်တွေနဲ့ပါ ချိတ်ဆက်လို့ရမယ်လို့ ညွှန်မှူးက ဆက်ပြောပါတယ်။
ဒါဟာ အရင်က အေတီအမ်ကတ်နဲ့ ငွေလွှဲတဲ့စနစ်ကနေ တယ်လီဖုန်းထဲက အပလီကေးရှင်းနဲ့ လွှဲနိုင်တဲ့စနစ်ကို ပြောင်းလဲခဲ့သလိုဘဲ ဒီခေတ်ကလူတွေအတွက် လူနေမှုအဆင့်အတန်း မြှင့်တင်ပေးလိုက်တာဖြစ်တယ်လို့ ကညနညွှန်မှူးက ပြောသွားပါတယ်။