Home
မြန်မာသတင်း
နေရပ်စွန့်သွားသူများ ပြန်လက်ခံမည့်နေ့ရက် အတိအကျမပြောနိုင်သေး
DVB
·
December 19, 2018
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတဲ့သူတွေကို ပြန်လည်လက်ခံမယ့် အစီအစဉ်ရက် အတိအကျကို ခုချိန်အထိ မပြောနိုင်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ပြောပါတယ်။ နှစ်နိုင်ငံသဘောတူစာချုပ်အရ နိုဝင်ဘာ၁၅ ရက်မှာ နေရပ်စွန့် ခွာသူတွေပြန်လည်ခံမယ်လို့ စီစဉ်ထားခဲ့ပေမယ့် ပြန်လည်လက်ခံမယ်နေ့မှာပဲ  နေရပ်မပြန်လိုသူတွေက ဆန္ဒပြခဲ့လို့ အစီအစဉ် ပျက်သွားခဲ့တာပါ။ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံမယ့်ကိစ္စနဲ့ပတ်သက်လို့ ဘယ်အချိန်မှာ စတင် ဆောင်ရွက်ဖို့ရှိသလဲလို့ ဒီဗွီဘီက မေးမြန်ရာ ပြန်လည်ခံမယ့် ရက်အတိအကျကိုပြောဖို့ ခက်ခဲတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် မန်ဂျူရယ် ခရင်မခန် ချောင်ဒရီ ကပြောပါတယ်။ “ပြန်လည်လက်ခံဖို့ကိစ္စမှာ ရက်အတိအကျပြောဖို့ ခက်ခဲပါတယ်။ ဒီကိစ္စက မြန်မာအစိုးရနဲ့ လည်း ပူးပေါင်းဆောင်ရွက်နေသလို ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ပူးပေါင်းဆောင်ရွက်နေ ပါတယ်။ ဒီကိစ္စကလည်းပါးပါးနပ်နပ်နဲ့ ဖြေရှင်းတတ်ဖို့လည်းလိုပါတယ်။ ဟိုဘက်နိုင်ငံကလာတဲ့ သူတွေရှိသလို ဒီဘက်နိုင်ငံကလည်း လာတဲ့သူတွေ ရှိပါတယ်။ မြန်မာအစိုးရရယ် ဘင်္ဂလားဒေ့ရှ် အစိုးရပြီးတော့ UNHCR ရယ် ၃ခုပေါင်းပြီး အတူတကွလက်တွဲပြီး ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒုက္ခသည်ပြန်လာမယ်ရက် အတိကျတော့ ပြောလို့ မရသေးဘူး။” ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်သံအမတ်အဖွဲ့ဟာ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့နဲ့ မနေ့က သီးခြားတွေ့ဆုံပြီး ရခိုင်အရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံအပြီးမှာ ဘင်္ဂလားဒေ့ရှ်အသံအမတ်အဖွဲ့ဟာ စစ်တွေမြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကောင်စီဝင်ရုံးမှာ ဒီဇင်ဘာ၁၈ ရက် မွန်းလွဲပိုင်းက သတင်းထောက်တွေကို ခရီးစဉ်နဲ့ ပတ်သက်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ခရီးစဉ်မှာ နိုင်ငံနယ်စပ်ကိစ္စအခြေတွေကို ဆွေးနွေးခဲ့သလို ကုန်သွယ်ရေး စီးပွားရေးတွေကို ဒီထက် ပိုမိုတိုးမြှင့် ဆောင်ရွက်မယ့်ကိစ္စတွေကိုလည်း ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့  ဘင်္ဂလားဒေ့ရှ်သံအမတ်က ပြောပါတယ်။ “ကုန်သွယ်ရေးကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရနဲ့ ဆွေးနွေးပါတယ်။ ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဆွေးနွေးကြပါတယ်။ နှစ်နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို ဆောင်ရွက်ကြမယ်ဆိုတာ ဆွေးနွေးကြတာပါ။ အကြမ်း သဘောတူလက်ခံမှုတွေ ရရှိခဲ့ပါတယ်။” နှစ်နိုင်ငံ သဘောတူစာချုပ်အရ နေရပ်စွန့်ပြေးသူတွေပြန်လာရေး အစီအစဉ်အဖြစ် လူ၂၀၀၀ ကျော်ထဲက ပထမ အသုတ် လူ ၁၅၀ လောက်ကို လွှဲပြောင်းပေးဖို့ သဘောတူ ထားခဲ့ကြတာပါ။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဘင်္ဂါလီ ၇ သိန်းလောက် ထွက်ပြေးသွားကြတယ်လို့ ကုလသမဂ္ဂက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ နေရပ်မပြန်လိုတဲ့ ဒုက္ခသည်တွေက ဆန္ဒပြတာကြောင့် နေရပ်ပြန်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားပါတယ်။ သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024