မော်တော်ယာဉ်များမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် ဥရောပသမဂ္ဂ သဘောတူ

639
လာမယ့်ဆယ်စုနှစ်အတွင်း မော်တော်ယာဉ်တွေကနေ ကာဗွန်ထုတ်လွှတ်မှုကို ၃၇ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချသွားဖို့ ဥရောပသမဂ္ဂ (အီးယူ) က ဒီဇင်ဘာ ၁၇ ရက်မှာ သဘောတူလိုက်ပါတယ်။
မော်တော်ယာဉ်ထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်း စိတ်ပူနေတဲ့ ဥပဒေပညာရှင်တွေကြား သဘောထားကွဲလွဲနေမှုတွေကို နောက်ဆုံးမှာတော့ ဖြေရှင်းပေးလိုက်နိုင်ပါပြီ။
အီးယူအဖွဲ့အစည်း ၃ ခုကြား ကိုးနာရီကြာ ဆွေးနွေးခဲ့တဲ့ ရလဒ်ဟာ အပြုသဘောဆောင်ပြီး ၂၀၃၀ ကျရင် ဗန်ကားတွေကနေ ကာဗွန်ထုတ်လွှတ်မှုကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ်လို့ အီးယူ အလှည့်ကျဥက္ကဋ္ဌ သြစတြီးယားဝန်ကြီးက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
၂၀၃၀ ကျရင် စုစုပေါင်း ကာဗွန်ထုတ်လွှတ်မှု ၄၀ ရာခိုင်နှုန်း လျှော့ချဖို့ အားထုတ်ရာမှာ မော်တော်ယာဉ်တွေကနေ ထုတ်လွှတ်မှုကို ဘယ်လောက်အထိ တင်းကျပ်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံ ၂၈ နိုင်ငံပါ အီးယူအဖွဲ့ဝင်တွေကြား လပေါင်းများစွာကြာအောင် သဘောထား ကွဲလွဲခဲ့ပါတယ်။
ဒီပမာဏဟာ ရည်မှန်းချက်ကြီးမားလွန်းပြီး လက်တွေ့မကျဘူးလို့ ဥရောပသမဂ္ဂ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူးက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် နောက်ဆုံးမှာတော့ ကားထုတ်လုပ်သူတွေအနေနဲ့ ဝန်ထမ်းတွေကို လျှော့ချထုတ်ပယ်ရတဲ့အထိ ဖြစ်သွားနိုင်တယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဘရပ်ဆဲအခြေစိုက် အစိမ်းရောင်လှုပ်ရှားမှု အဖွဲ့တခုကတော့ ဒီသဘောတူညီချက်အပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ခဲ့ပြီး ကားလုပ်ငန်းတွေအနေနဲ့ အဲဒါကို လျော့နည်းသွားအောင် လုပ်နိုင်ခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။
သန့်ရှင်းသော ယာဉ်များဆိုင်ရာ ဒါရိုက်တာတယောက်ကတော့ အဲဒါက မျှတတဲ့ အပေးအယူ သဘောတူညီချက်တခု ဖြစ်တယ်လို့ ပြောပါတယ်။
ထရပ်ကားတွေကနေ ကာဗွန်ထုတ်လွှတ်မှုကို ဘယ်လောက်အထိ လျှော့ချသွားရမယ် ဆိုတာကိုတော့ ကြာသတေးနေ့မှာလုပ်မယ့် အဖွဲ့ဝင်နိုင်ငံတွေကြား ဆွေးနွေးပွဲမှာ သီးခြားဆွေးနွေးသွားဖို့ သူက မျှော်လင့်ထားပါတယ်။