Home
မြန်မာသတင်း
မြန်မာမိသားစု ၄ ဦးအသတ်ခံရမှုတွင် သံသယရှိ အမျိုးသမီး ၁ ဦးကို မဲဆောက်တွင်ဖမ်းမိ
နန်းမြနဒီ
·
December 19, 2018
ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာမိသားစုဝင် ၄ ဦး အသတ်ခံရပြီးတဲ့နောက် သံသယရှိလူသတ်သမားတွေကို ထိုင်းရဲက အပူတပြင်းလိုက်လံရှာဖွေနေရာမှာ မနေ့ညနေပိုင်းက မြန်မာအမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိပြီလို့ Sanook ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါအမျိုးသမီးမှာ အသက် ၆၀ နှစ်ရွယ်ရှိ ဒေါ်ထွန်းမြင့် ဆိုသူဖြစ်ပြီး  လူသတ်မှုမှာ အဓိက သံသယအရှိဆုံးဖြစ်တဲ့ ဦးရွှေရဲ့ ဇနီးဖြစ်ပါတယ်။ သူကို ထာ့ဆိုင်လုတ်နယ်မြေမှူး၊ ရပ်ကွက် - ၁ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူသတ်မှုဖြစ်ခဲ့တဲ့နေရာအနီးကြံစိုက်ခင်းထဲမှာမနေ့က သွားရောက်ဖမ်းဆီးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ သူဟာပထမတော့ ငြင်းဆိုခဲ့ပြီး ရဲကစစ်ကြောရေးလုပ်ရာမှာ လူသတ်မှုမှာ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ၀န်ခံသွားပါတယ်။ သူနဲ့ ခင်ပွန်းဖြစ်သူ ဦးရွှေ (၄၆ နှစ်)၊  ဦးရွှေရဲ့ သူငယ်ချင်းတဦးတို့ဟာ ဒီဇင်ဘာ ၁၅ ရက် ည ၁၀ နာရီလောက်က သေဆုံးသူမိသားစုကို တဲထဲဝင်ရိုက်ပြီး မြ၀တီ-မဲဆောက်ချစ်ကြည်ရေး တံတားအောက် သောင်ရင်းမြစ်ထဲရှိ ကျွန်းပေါ်မှာ သွားရောက် ပုန်းရှောင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်းပေါ်ကို ရဲတွေလာရှာမှာစိုးလို့ တယောက်တကွဲစီ ထွက်ပြေးတိမ်းရှောင်ရာမှာ သူက ကြံခင်းထဲလာပုန်းနေပြီး ဦးရွှေတို့ နှစ်ယောက်ကတော့ ဘယ်ကို ထွက်ပြေးသွားလဲ မသိဘူးလို့ ဒေါ်ထွန်းမြင့်က ရဲတွေကို ပြောပါတယ်။ လောလောဆယ် ဦးရွှေနဲ့ အပေါင်းပါတယောက်ကို မဲဆောက်တရားရုံးခွင့်ပြုချက်နဲ့ ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ပါတယ်။ ဦးရွှေဟာ ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ်က စစ်သားဟောင်းဖြစ်ခဲ့ဖူးပြီး တပ်က ထွက်လာပြီးးနောက် ဒေါ်ထွန်းမြင့်နဲ့အိမ်ထောင်ကျကာ မဲဆောက်မှာ အလုပ်လုပ်နေတာလို့ ကေအန်ယူတပ်မဟာ (၇)မှ တပ်သား ၁ ဦးက ပြောတယ်လို့ ဝေါက်ခ်ပွိုင့်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ဦးဖိုးသားအောင် - ၄၆ နှစ်၊ ဇနီး ဒေါ်ခင်လှ ၄၆ နှစ်၊ သားကြီး စောပေါ့ ၄ နှစ်နဲ့  ၄ လရွယ် သားငယ်တို့ မိသားစု ၄ ဦးဟာ ဒီဇင်ဘာ ၁၅ ရက်ညက သူတို့နေထိုင်တဲ့ ထာ့ဆိုင်လွတ်အုပ်စု ရပ်ကွက် ၁ က တဲလေးမှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။ တာဝန်ရှိသူတွေက ဦးဖိုးသာအောင်၊ ဒေါ်ခင်လှနဲ့ ၄ လသား ကလေးငယ်ရဲ့အလောင်းကို တဲရှေ့ မှာ တွေ့ပြီး သားကြီးရဲ့အလောင်းကိုတော့ တဲအိမ်အနီးက ရေကန်ထဲမှာ တွေ့ရှိခဲ့ပါတယ်။ ဒေါ်ခင်လှဘက်က ပါလာတဲ့ သမီးဖြစ်သူ နမ့်ဖွန် (၁၉ နှစ်) ကတော့ အဲဒီညက သူ့သူငယ်ချင်း သွားအိပ်နေလို့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ အခင်းမဖြစ်ခင်ညက သူတို့မိသားစုနဲ့ ဦးရွှေတို့လင်မယား အကြီးအကျယ် စကားများရန်ဖြစ်ပြီး တဘက်နဲ့တဘက်သတ်ပစ်မယ်လို့ အပြန်အလှန်ခြိမ်းခြောက်ခဲ့ကြတယ်လို့  နမ့်ဖွန်က ရဲစခန်းမှာ ထွက်ဆိုထားပါတယ်။ ကိုးကား - sanook.com
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024