ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာတိုက်စစ်မှူး ဝင်းနိုင်ထွန်း အကောင်းဆုံးကစားသမားဆုရ

ဓာတ်ပုံ - MFF
ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာယူ-၂၁ အသင်း တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။ တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ ဒီပြိုင်ပွဲမှာ ၃ ဂိုးသွင်းနိုင်ခဲ့ပြီး အုပ်စုတွင်းမှာ ဗီယက်နမ်ကို ၁ ဂိုး၊ မလေးရှားကို ၁ ဂိုးနဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ အိမ်ရှင် ဗီယက်နမ်ကို ၁ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ကျင်းပခဲ့ပြီး အိမ်ရှင် ဗီယက်နမ် ယူ-၂၁ အသင်း၊ မလေးရှား ယူ-၂၁ အသင်း၊ မြန်မာ ယူ-၂၁ အသင်းနဲ့ တောင်ကိုရီးယား GIMHAE CFC ယူ-၂၁ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ အုပ်စုတွင်း ပတ်လည်ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာအသင်းဟာ အိမ်ရှင် ဗီယက်နမ်ကို ၅ - ၂ ဂိုးနဲ့ရှုံး၊ တောင်ကိုရီးယား GIMHAE CFC အသင်းကို ၁ - ၀ ဂိုးနဲ့ ရှုံးပြီး မလေးရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အုပ်စုပတ်လည် ယှဉ်ပြိုင်အပြီး အိမ်ရှင် ဗီယက်နမ်အသင်းက ၃ ပွဲစလုံးအနိုင်ရကာ ၉ မှတ်နဲ့ အုပ်စု ပထမရပြီး မြန်မာ၊ မလေးရှားနဲ့ တောင်ကိုရီးယား GIMHAE CFC အသင်းတို့က တပွဲစီနိုင် ရမှတ် ၃ မှတ်စီ တူပေမယ့် မြန်မာအသင်းက ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ဒုတိယနေရာကနေ ဗိုလ်လုပွဲ တက်ခဲ့ပါတယ်။ အုပ်စု ထိပ်ဆုံးနှစ်သင်း နောက်ဆုံး ဗိုလ်လုပွဲ ယှဉ်ပြိုင်ရတာကြောင့် အိမ်ရှင် ဗီယက်နမ်နဲ့ မြန်မာအသင်းတို့ မနေ့က ကစားခဲ့ရာ ပွဲကစားချိန် မိနစ် ၉၀ မှာ တဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်မှာ မြန်မာအသင်းက ဦးဆောင်ဂိုးတွေရခဲ့ပြီး ပွဲချိန် ၂၅ မိနစ်မှာ တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ပထမဂိုး၊ ၅၅ မိနစ်မှာ စိုးလွင်လွင်က ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ဗီယက်နမ်အသင်းအတွက် ချေပဂိုးတွေကိုတော့ ပထမပိုင်းပြီးခါနီးနဲ့ ဒုတိယပိုင်း ၆၃ မိနစ်တို့မှာ သွင်းယူခဲ့ပါတယ်။ ပွဲကစားချိန်အတွင်း သရေကျတဲ့အတွက် အချိန်ပိုမကစားဘဲ ပယ်နယ်တီ ကန်သွင်းရာမှာ ဗီယက်နမ်က ၅ ဂိုးစလုံးဝင်အောင် ကန်သွင်းနိုင်ပြီး မြန်မာက ၃ ဂိုးပဲ ဝင်တဲ့အတွက် ဗီယက်နမ်က ဗိုလ်စွဲပြီး မြန်မာယူ-၂၁ အသင်းကတော့ ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up