Home
မြန်မာသတင်း
ပြည်ပကြွေးမြီလျော့ချရေး ယခင်အစိုးရလုပ်ခဲ့သလို ဆောင်ရွက်ရန်တိုက်တွန်း
အောင်ဆန်းဦး
·
December 19, 2018
လက်ရှိအစိုးရအနေနဲ့ ပြည်ပကြွေးမြီလျော့ချနိုင်ရေးအတွက် ဆောင်ရွက်ရာမှာ  အရင်အစိုးရ အသုံးပြုခဲ့တဲ့ ကြွေးလျော်မှုပုံစံမျိုးနဲ့ လက်ရှိတင်ရှိနေတဲ့ ပြည်ပကြွေးမြီတွေကို လျော့ချနိုင်အောင် ဆောင်ရွက်သင့်တယ်လို့ တပ်မတော်သားကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အစိုးရရဲ့ ကြွေးမြီဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာနဲ့ အစီရင်ခံစာအပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာအပေါ် ဆွေးနွေးစဉ်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မျိုးထွန်းအောင်က ပြောဆိုခဲ့တာပါ။ “ယခင်အစိုးရလက်ထက် ကြွေးလျော်နိုင်ရေး ဆောင်ရွက်ခဲ့မှုကို နမူနာယူပြီး၊ ဆောင်ရွက်သင့်ကြောင့်တင်ပြအပ်ပါတယ်။ ကြွေးလျော်နိုင်ရေး ဆောင်ရွက်ခဲ့မှုကို ယခင်ဘဏ္ဍာအခွန်ဝန်ကြီးက ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြရာတွင် ကြွေးမြီများ ရှင်းလင်းရာတွင် ဆောင်ရွက်သည့် နည်းလမ်း ၄ မျိုးကို နိုင်ငံအတွက် အသင့်တော်ဆုံး နည်းလမ်းဖြစ်သည့် ပေါင်းကူးချေးငွေရယူ ပေးဆက်ခြင်း နည်းလမ်းကို အသုံးပြုခဲ့ပါကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည်မှ ၁၉၈၈ ခုနှစ်အထိ မြီရှင်နိုင်ငံများအပေါ် တင်ရှိနေသော ပြည်ပကြွေးမြီ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၃၂ ဘီလီယံအနက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၂၅ ဘီလီယံ ကြွေးလျော်နိုင်ခဲ့ပါကြောင်းစသည်ဖြင့် ပြည်ထောင်စုလွှတ်တော်၌ တင်ပြခဲ့ပါသည်။ ကြွေးမြီပေးလျော်နိုင်ရေး ဆောင်ရွက်ခဲ့သည့် နည်းလမ်းတခုအနေနဲ့ ဆောင်ရွက်ခဲ့သည့် နည်းလမ်းတခုအနေနဲ့ အကြံပြုတင်ပြရခြင်းဖြစ်ပါတယ်”လို့ ဒုဗိုလ်မှူးကြီး မျိုးထွန်းအောင်က ပြောပါတယ်။ ဒီအစီရင်ခံစာအပေါ်မှာ တပ်မတော်သားကိုယ်စားလှယ် တဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး ဆွေးနွေးခဲ့ပြီး အများစုကတော့ ပြည်ပချေးငွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ စနစ်တကျစိစစ်ပြီး အတိုးနှုန်းသက်သာစွာ ချေးယူနိုင်ဖို့နဲ့ ချေးငွေနဲ့ ဖော်ဆောင်တဲ့ စီမံကိန်းတွေကိုလည်း အောင်မြင်အောင်လုပ်ဆောင်ကြဖို့ တိုက်တွန်း ဆွေးနွေးခဲ့ပါတယ်။ ဘဏ်များနဲ့ ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က လည်း ပြည်ပကြွေးမြီ တင်ရှိနေမှုအခြေအနေကို လျော့ချဖို့ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ ဒီလိုဆောင်ရွက်ဖို့ ခက်ခဲမယ်ဆိုရင်တော့ ကြွေးမြီတိုးနှုန်း ပြင်ဆင်သတ်မှတ်တာ၊ ကြွေးမြီပြန်ဆပ်ရမယ့် အချိန်သတ်မှတ်ချက်တွေကို ပြင်ဆင်သတ်မှတ်ချုပ်ဆိုတာတွေ ဆောင်ရွက်ဖို့လိုတယ်လို့လည်း ပြောပါတယ်။ ကြွေးမြီလျော်တဲ့ပုံစံနဲ့ ပြည်ပကြွေးမြီတွေလျော့ချဖို့ တိုက်တွန်းဆွေးနွေးချက်တွေအပေါ် မှာတော့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌက သဘောမတူဘူးလို့ဆိုပါတယ်။ အရင်အစိုးရလက်ထက်မှာ ကြွေးမြီလျော်ခွင့် ရရှိခဲ့တာဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ နိုင်ငံအဖြစ် ပြောင်းလဲကျင့်သုံးတဲ့ နိုင်ငံဖြစ်တဲ့အတွက် အထူးအခွင့်အရေးရရှိခဲ့တာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ကြွေးမြီလျော်ခွင့်ရရှိဖို့ မဖြစ်နိုင်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ခေတ်အဆက်ဆက်က ချေးယူခဲ့တဲ့ ပြည်ပကြွေးမြီဟာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိနေပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က အများဆုံးကြွေးမြီရယူ ပေးဆပ်ဖို့ကျန်နေတာဖြစ်ပြီး တရုတ်နိုင်ငံကို အများဆုံးပေးရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024