လက်စတာကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့်နိုင်ပြီး မန်စီးတီး လိဂ်ဖလား ဆီမီးတက် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် လိဂ်ဖလား (ကာရာဘောင်ဖလား) ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လက်စတာစီးတီး အသင်းနဲ့ လက်ရှိချန်ပီယံ မန်စီးတီးတို့ မနေ့ညကယှဉ်ပြိုင်ရာ မန်စီးတီးက ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ မန်စီးတီးအသင်းမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်း ပြန်ပါလာပြီး တိုက်စစ်မှူး အဂွေရို၊ မာရက်ဇ်၊ စတုန်းစ်၊ ဝေါ်လ်ကာတို့ကို အရန်ကစားသမားတချို့နဲ့ တွဲပြီး ပွဲထွက်လာခဲ့ပါတယ်။ အိမ်ရှင် လက်စတာစီးတီး အသင်းကလည်း တိုက်စစ်မှူး အီဟီယာနာချိုနဲ့ ပွဲထွက်ခဲ့ပြီး ဂရေး၊ အန်ဒီဒီ၊ အိုင်ဘိုရာ၊ မက်ဂွိုင်းယား၊ ဆင်မ်စန် စတဲ့ အဓိက ကစားသမားတွေ အသုံးပြုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အသာရခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ်မှာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း အဖွင့်ဂိုးသွင်းပြီး ပွဲကို ဦးဆောင်ထားနိုင်ပေမယ့် လက်စတာအတွက် အယ်လ်ဘရိုက်တန်က ၇၃ မိနစ်မှာ ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ပွဲအပြီးမှာ ၁ ဂိုးစီ သရေကျနေပါတယ်။ ဒါကြောင့် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာ မန်စီးတီးက ၃ ဂိုးဝင်ပြီး လက်စတာက ၁ ဂိုးပဲရတဲ့အတွက် ပွဲအပြီးမှာ မန်စီးတီးက ၄ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။ မနေ့ကပဲ ယှဉ်ပြိုင်သွားတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ် တခြားပွဲစဉ်မှာတော့ အင်္ဂလန်လိဂ်ဝမ်းကလပ် ဘာတန်အယ်လ်ဘီယွန်က ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို တဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ ပွဲချိန် ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပြီး ဘာတန်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ၄၈ မိနစ်မှာ ဟက်စ်ကက်သ်က သွင်းယူပေးခဲ့ပါတယ်။ လိဂ်ဖလား ကွာတား လက်ကျန်ပွဲစဉ်တွေအဖြစ် ဒီနေ့ညမှာ အာဆင်နယ်နဲ့ စပါး၊ ချဲလ်ဆီးနဲ့ ဘုန်းမောက်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up