Home
မြန်မာသတင်း
တိုင်းရင်းဆေးကောင်စီ ဥပဒေ ပုဒ်မ ၁၅ (စ) ကို ကန့်ကွက်
Aung Aung Naing
·
December 18, 2018
ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ တိုင်းရင်းဆေးကောင်စီဥပဒေရဲ့ ပုဒ်မ ၁၅ (စ) ကို တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက ကန့်ကွက်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်​မနက်​က တိုင်းရင်းဆေးတက္ကသိုလ်မှာ စတစ်ကာကမ်ပိန်းပြုလုပ်ပြီး ကျောင်းသားကျောင်းသူတွေက ကန့်ကွက်ခဲ့ကြတာပါ။ တိုင်းရင်းဆေးကောင်စီဝင်တွေ၊ တိုင်းရင်းဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခတွေ၊ တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းတွေနဲ့ လက်ရှိ ကျောင်းသားကျောင်းသူ​တွေ အားလုံးက ဝိုင်းဝန်းကန့်​ကွက်​​နေချိန်​မှာ တိုင်းရင်းဆေးကောင်စီဥပဒေကို ဒီဇင်ဘာ ၆ ရက်က အတည်ပြုလိုက်တဲ့အ​ပေါ် ဒီ​နေ့ ကမ်​ပိန်းပြုလုပ်​ပြီး ကန့်ကွက်ကြတာလည်း ဖြစ်ပါတယ်​။ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဝင် ဦးသန်းထွန်းက “တကယ့်ကို ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်တဲ့ ပညာရှင်တွေ မွေးထုတ်ဖို့ အားယူနေတဲ့ကာလမှာ ပြင်ပကနေပြီးတော့ တိုင်းရင်းဆေးအမည်ခံ ဆေးဆရာတွေကို အလွယ်တကူ တဆ လက်မှတ် ထုတ်ပေးလိုက်မှာ စိုးရိမ်တယ်​လေ။ ပြင်ပကနေပြီးတော့ တိုင်းရင်းဆေးအမည်ခံ ဆေးဆရာတွေ အနေနဲ့ တတ်မြောက်မှု ဘယ်လောက်ရှိတယ်၊ ဘယ်ရွှေ့ဘယ်မျှ တတ်တယ်ဆိုတာ မသိနိုင်ဘူး။ အာမလည်းမခံနိုင်ဘူး။ ဒါ့ကြောင့်မို့လို့ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ ပြဿနာပေါ်လာနိုင်တယ်။ စိုးရိမ်​စရာလည်း​ကောင်းတယ်” လို့ ပြောပါတယ်​။ ဥပဒေပါ အချက်​တွေဟာ တိုင်းရင်းဆေးတက္ကသိုလ်မတက်ဘဲ မျိုးရိုးရှိရုံနဲ့ တိုင်းရင်းဆေးကုသခွင့်လက်မှတ် ရမှာဖြစ်​လို့ တိုင်းရင်းဆေးတက္ကသိုလ်ကို ၅ နှစ်​တက်ခဲ့ကြရတဲ့ ကျောင်းသားကျောင်းသူတွေအတွက် နစ်နာတာကြောင့်​ အခုလို ကန့်​ကွက်​ကြတာလည်း ဖြစ်ပါတယ်​။ တိုင်းရင်းဆေးကောင်စီဥပဒေမူကြမ်းမှာ ပါဝင်တဲ့အခန်း (၄) ပုဒ်မ ၁၅(စ) ကို ကန့်ကွက်ကြောင်း လက်မှတ်ပေါင်း ၁၅၀၀ ရေးထိုးပြီး ပြန်လည်သုံးသပ် ပြင်​ဆင်​​ပေးနိုင်​ဖို့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြထားပြီး ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024