တူရကီနိုင်ငံတွင် လှေနစ်မြုပ်၊ ရွှေ့ပြောင်းအလုပ်သမား ၆၀ ခန့် သေဆုံး

တူရကီနိုင်ငံ အနောက်ပိုင်း အေဂျီယမ် (Aegean) ပင်လယ်ကမ်းခြေအနီးမှာ  လှေ ၁ စီး မနေ့က နစ်မြုပ်ခဲ့တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၆၀ လောက် သေဆုံးခဲ့တယ်လို့ ကမ်းခြေ အရာရှိတွေက ပြောပါတယ်။ မန်ဒဲရိုစ် (Menderes) ကမ်းခြေ ခရိုင်အုပ်ချုပ်ရေးမှူး တာဆင် ကဒ် ဘေအိုလာ (Tahsin Kurtbeyoglu) က “သေဆုံးတဲ့ အရေအတွက်က ၆၀ လောက်ရှိသွားပြီ။ အမျိုးသား ၁၁ ဦး၊  အမျိုးသမီး ၁၈ ဦး ဖြစ်ပြီးတော့ လူငယ် ယောကျာ်းလေး ၁၁ ဦး၊ မိန်းကလေး ၁၇ ဦးနဲ့ ကလေး ၃ ဦး သေဆုံးတယ်” လို့ ပြောပါတယ်။ လှေဟာ ကလေးနဲ့ အမျိုးသမီး အများစု အပါအ၀င် လူ ၁၀၀ လောက် သယ်ဆောင်လာတယ်လို့လည်း ဆိုပါတယ်။ လှေပေါ်မှာ ပါလာတဲ့ သူအများစုက ပါကစ္စတန် နိုင်ငံသားတွေ ဖြစ်သလို ဆီးရီးယားနဲ့ အီရတ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကို သယ်ဆောင်လာတဲ့ တူရကီ လှေမောင်းသမားနဲ့  သူရဲ့အကူတွေကိုလည်း ကယ်တင်ဖမ်းဆီးထားနိုင်တယ်လို့ ဆိုပါတယ်။ ကလေးနဲ့ မိန်းမတွေကို လှေ ရဲ့ အောက်အခန်းထဲမှာ ပိတ်ထားတဲ့အတွက် လူအသေအပျောက် မြင့်မားတာ လို့လည်း ပြောပါတယ်။ လူကုန်ကူးသူတွေက ဥရောပမှာ ခိုလှုံခွင့်ရှာဖွေဖို့ အာမခံချက်နဲ့ ခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။ ပထမ စုံစမ်းချက်တွေအရ လူတွေပြည့်ညပ်နေတဲ့ လှေငယ်ဟာ  အရုဏ်ဦးမှာ နစ်မြုပ်ခဲ့ပြီးတော့ ဒီလှေဟာ ဘယ်ကို သွားရောက်မယ့် ဆိုတာကိုတော့ မသိရဘူးလို့ ပြောပါတယ်။ ဂရိနဲ့ နီးတဲ့ တူရကီ အနောက်ဘက် ကမ်းခြေ အာမစ်ဘေလီ (Ahmetbeyli) မြို့ကနေ ထွက်ခွာလာတာလို့လည်း ဆိုပါတယ်။ ခိုလှုံခွင့် ရှာဖွေသူတွေအတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေထဲကို သွားရောက်ဖို့အတွက် ဂရိဟာ ၀င်ပေါက်တခု ဖြစ်ပြီး နှစ်စဉ် ထောင်နဲ့ ချီတဲ့သူတွေက တူရကီကို ဖြတ်ပြီးတော့ ဂရိကို သွားရောက်လေ့ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up