Home
မြန်မာသတင်း
၁၀ တန်း အောင်ချက်ကောင်းစေရန် IT Device များပံ့ပိုးပေးမည်
နေဖြိုးဝင်း
·
December 18, 2018
တက္ကသိုလ်ဝင်တန်း အောင်ချက်ရာနှုန်းများလာအောင် ဘာသာရပ်ကျွမ်းကျင်ပါမောက္ခတွေ၊ ပညာရှင်တွေရဲ့ ပို့ချချက်တွေပါဝင်တဲ့ IT Device နည်းပညာအထောက်အကူပစ္စည်းတွေ ကျောင်းသူကျောင်းသားတွေထံ ဖြန့်ဝေသွားဖို့ အစိုးရက စီစဉ်နေပါတယ်။ အောင်ချက်နည်းတဲ့ကျောင်းတွေနဲ့ အ.ထ.က(ခွဲ)ကျောင်းတွေကို Offline အနေနဲ့ သင်ကြားနိုင်အောင် အခုလို IT Device တွေ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၇ ရက် အမျိုးသားလွှတ်တော်မှာ ရှမ်းပြည်နယ်မဲဆန္ဒနယ်က ဦးညီစိန်မေးတဲ့ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း သုည ၀န်းကျင်ရှိ အခြေခံပညာ အထက်တန်းကျောင်း တွေကို ဘယ်လို ဖေးမကူညီသွားမယ်ဆိုတာ သိရှိလိုကြောင်းမေးခွန်းကို ပညာရေး ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခုလို ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ “ဘာသာရပ်ကျွမ်းကျင်ပါမောက္ခတွေ၊ ပညာရှင်တွေရဲ့ သင်ခန်းစာပို့ချချက်တွေကို ပညာရေး ၀န်ကြီးဌာနအနေနဲ့ ဗွီဒီယို ရိုက်ကူးပြီး IT Device တွေ ဖြန့်ဝေပြီး Offline အနေနဲ့ အ.ထ.က(ခွဲ) ကျောင်းတွေနဲ့ အောင်ချက်နည်းတဲ့ ကျောင်းတွေကို ဗီဒီယိုဖိုင်တွေဖြန့်ဝေပြီး ကျောင်းသား ကျောင်းသူတွေ၊ ဆရာဆရာမတွေ သင်ယူလေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ တက္ကသိုလ်တွေက ဘာသာရပ်ကျွမ်းကျင်တဲ့ ဆရာဆရာမတွေကလည်း ပူးပေါင်းဟောပြောပို့ချ ပေးလျက်ရှိပါတယ်။ ပြင်ပက ပညာရှင်တွေကလည်း သွားရောက်ပြီး ပူးပေါင်းဟောပြော ပို့ချနေပါတယ်”လို့ ၀န်ကြီးက ပြောပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်နည်းရတဲ့ အဓိကအကြောင်းရင်းတွေ အနေနဲ့ ကျောင်းသားတွေဟာ ဘာသာရပ်အတွဲ ရွေးချယ်မှုမှန်ကန်ဖို့ လိုအပ်တာ၊ ဆရာတွေရဲ့ ဘာသာရပ် အရည်အသွေးမြင့်မားအောင် မွမ်းမံသင်တန်းပေးဖို့ လိုအပ်တာ၊ ဆရာ၊ ဆရာမတွေရဲ့ သင်ယူပို့ချနေတဲ့ ဘာသာရပ်နဲ့ အထူးပြုယူတဲ့ ဘာသာရပ်ကိုက်ညီဖို့ လိုအပ်တာ၊ အထက်တန်း ကျောင်းသားဦးရေများလာတဲ့အတွက် ဆရာနဲ့ ကျောင်းသားအချိုး မြင့်လာတာ၊ အ.ထ.က(ခွဲ)တွေ မှာ အထက်တန်းပြဆရာခွဲဝေခန့်ထားဖို့ လုံလောက်မှုမရှိတာ၊ ကျောင်းသားတွေ ဘာသာရပ် အလိုက် စာလိုက်နိုင်ဖို့ လိုအပ်တာ၊ အ.ထ.က(ခွဲ)တွေက စာမေးပွဲအောင်နိုင်တဲ့သူတွေ အခြား အထက်တန်းကျောင်းတွေကို ပြောင်းရွှေ့စာမေးပွဲဖြေဆိုတာတွေကြောင့် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် သုည ရာခိုင်နှုန်းရှိတဲ့ကျောင်း စုစုပေါင်း ၁၃၁ ကျောင်းမှာ အ.ထ.က(ခွဲ)ကျောင်း ၁၀၆ ကျောင်းရှိတဲ့အတွက် ၈၀ ဒသမ ၉၂ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက် သုည ရာခိုင်နှုန်းရှိတဲ့ကျောင်း စုစုပေါင်း ၁၇၂ ကျောင်းမှာ အ.ထ.က(ခွဲ)ကျောင်း ၁၂၂ ကျောင်းရှိပြီး ၇၀ ဒသမ ၉၃ ရာခိုင်နှုန်းရှိပါတယ်။ အ.ထ.က(ခွဲ)ကျောင်းတွေကို ကျောင်းအဆင့်တိုးလိုက်တဲ့နှစ်တွေမှာ အထက်တန်းပြဆရာ၊ ဆရာမတွေ ဖြည့်ဆည်းပေးဖို့ ခက်ခဲတဲ့အတွက် အဆင့်တိုးတဲ့နှစ်တွေမှာ အောင်ချက်မြင့်မားဖို့ အချိန်ယူဆောင်ရွက်တယ်လို့လည်း ပညာရေးဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024