ဖမ်းဆီးထောင်ချခံ ကချင်လူငယ် ၃ ဦးကို လွှတ်ပေးရန် နိုင်ငံတကာ ကချင်အဖွဲ့များတောင်းဆို
နော်နိုရင်း
·
December 18, 2018
ထောင်ဒဏ်နဲ့ငွေဒဏ်ချမှတ်ခံထားရတဲ့ ကချင်လူငယ်ခေါင်းဆောင် ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ နောက်ထပ် ကချင်လူငယ် ၃ ဦးအမှုကို လည်း ပြန်ရုပ်သိမ်းပေးဖို့ နိုင်ငံတကာ ကချင်ကွန်ဂရက်က တောင်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ စာရေးတောင်းဆိုလိုက်တာဖြစ်ပြီး အာဏာရ အစိုးရတရပ်အနေနဲ့ ပြည်သူက တရားဝင် အပ်နှင်းထားတဲ့ အုပ်ချုပ်ရေးအာဏာကို အသုံးပြုပြီး ဆောင်ရွက်ပေးဖို့ အလေးအနက် တောင်းဆိုကြောင်း ရေးသားဖော်ပြထားပါတယ်။
တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ရေး ကြိုးပမ်းမှုကြောင့် တပ်မတော်ရဲ့ တရားစွဲဆိုခံရတဲ့ ကချင်လူထုလွတ်မြောက်ရေးလှုပ်ရှားသူ ဦးဇော်ဂျက်၊ ဦးလွမ်းဇောင်းနဲ့ ဒေါ်နန်ပူတို့ကို ဒီဇင်ဘာ ၇ ရက်က တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ်ကျပ် ၅ သိန်းစီ ချမှတ်ခဲ့တာပါ။
ဒ့ါအပြင် သူတို့ ၃ဦးကို လွှတ်ပေးဖို့ ဆန္ဒပြခဲ့လို့ နောက်ထပ် လူငယ်ခေါင်းဆောင်တွေဖြစ်ပြီး မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်နဲ့ ကိုဆိုင်ခွန်အောင်တို့ကိုလည်း ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။
ဒါ့အပြင် လူငယ်ခေါင်ဆောင်တွေဖြစ်တဲ့ ကိုလမာဆန်အောင်နဲ့ မလုဆန်တို့ဟာလည်း ကြိုတင်ခွင့်ပြုချက်မယူဘဲ ကြွေးကြော်ဆိုင်းဘုတ်ကိုင်ဆောင်မှုအတွက် မြစ်ကြီးနား ခရိုင်တရားရုံးက ခေါ်ယူ သတိပေးတာ ခံခဲ့ရပါတယ်။
“ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်သူများကို ယခုကဲ့သို့ ယတ္တိမရှိသော အရေးယူမှုနဲ့ ပြစ်ဒဏ်များချမှတ်ဆောင်ရွက်ခြင်းမှာ စစ်ပွဲနှင့် ပဋိပက္ခများအပေါ် ရှိနေသော ကချင်ပြည်သူလူထု၏ သဘာဝကျသည့် စိုးရိမ်ပူပန်ကြောင့်ကြမှုများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရအောင် ဟန့်တား နှုတ်ပိတ်ရန်ကြိုးစားခြင်းသက်သက်ဖြစ်သည်” လို့လည်း နိုင်ငံတာကာ ကချင်အဖွဲ့တွေရဲ့ စာမှာရေးသားဖော်ပြထားပါတယ်။