Home
မြန်မာသတင်း
ချင်းရိုင်းခရိုင် မြန်မာနယ်စပ်အနီး စိတ်ကြွဆေး ၁၈ သန်းကျော်ဖမ်းမိ
နန်းမြနဒီ
·
December 17, 2018
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မြန်မာနယ်စပ် မဲ့အိုင်းနဲ့ မဲ့ကျန်းမြို့နယ် အကြားမှာ မနေ့ညက စိတ်ကြွဆေးပြားပေါင်း ၁၈ သန်းကျော် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်အွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။ ချင်းရိုင်းခရိုင်ထဲ မူးယစ်ဆေးဝါးတွေ ဖြတ်သန်းဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းအရ  အမှတ် ၂ ဒေသ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ၃၁ တပ်ရင်းတပ်ဖွဲ့ဝင်နဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေဟာ မနေ့မနက် ၈ နာရီလောက်ကစပြီး မယ်ဆိုင်၊ မယ့်ကျန်း၊ မယ့်အိုင်း၊ မယ်ဖာ့လုန် အစရှိတဲ့ မြို့နယ်တွေရှိ ထိုင်း-မြန်မာနယ်စပ်တလျှောက် စောင့်ကြပ်စစ်ဆေးခဲ့ပါတယ်။ ည ၈ နာရီလောက်မှာ မသင်္ကာဖွယ် တိုယိုတာဟိုင်းလပ်စ်ကား ၂ စီးကို ၀ိန်းချိုင်းမြို့နယ်၊ ၀ိန်းနေအုပ်စု၊ တရိုင်းကျောက်ကျေးရွာမှာ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေက  စစ်ဆေးဖို့ တားဆီးရာမှာ ရပ်မပေးဘဲ မောင်းပြေးသွားလို့ ရဲကားက အနောက်ကနေ လိုက်လံရာမှာ ကားကိုသာဖမ်းမိခဲ့ပြီး ကားသမား ၂ ယောက်လုံးကတော့ မှောင်ရိပ်ခို ထွက်ပြေးသွားတယ်လို့  တာဝန်ကျရဲ တပ်ဖွဲ့ဝင်တဦးက သတင်းထောက်ကို ပြောပါတယ်။ ရပ်ထားတဲ့ ကား ၂ စီးကို စစ်ဆေးကြည့်ရာမှာ နံပါတ်ပြား အတုတွေ တပ်ဆင်ထားပြီး ကားထဲမှာ  မြွေရေခွံအိတ် ၈၈ လုံးနဲ့ ထည့်လာတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၁၈,၇၆၀,၀၀၀ (၁၈ သန်း ၇ သိန်း ၆ သောင်း ) ကို ဖမ်းဆီးရမိကြောင်း၊  အဆိုပါ စိတ်ကြွဆေးတွေကို ဒီကနေ့မွန်းလွဲ ၁ နာရီက ချင်းရိုင်းခရိုင် မင်းရဲမဟာရတ့်တပ်ထဲမှာ အထူးစုံစမ်းစစ်ဆေးရေးဌာနကို လွှဲပြောင်းပေး အပ်ခဲ့တယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဒီမနက်စောစော ၂ နာရီကျော်လောက်ကလည်း ချင်းရိုင်း - ချင်းမိုင်သွားကားလမ်းပေါ်ရှိ ၀ိန်းပါပေါက်မြို့နယ် ဘန့်ပုန်နုတ်ရပ်ကွက်မှာ  မြောင်ဇီးတိုင်းရင်းသား ၂ ဦး မောင်းနှင်လာတဲ့ ဟိုင်းလပ်ကား၂ စီးပေါ်က စိတ်ကြွဆေး နောက်ထပ် ၁၀ သန်း ဖမ်းဆီးရမိခဲ့လို့ တနေ့တည်းမှာ စိတ်ကြွဆေးပြား သန်းပေါင်း ၃၀ ခန့် ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ နှစ်နိုင်ငံပူးပေါင်း မူးယစ်ဆေးဝါးတွေထိန်းချုပ်ဖို့ မြန်မာစစ်တပ်က စစ်သည်အင်အား ၃၀၀ နယ်စပ်ဘက်ကို စေလွှတ်ထားကြောင်း ဒီလထဲမှာ မြန်မာဘက်က ရွှေတြိဂံဒေသတိုင်းမှူးနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့  ချင်းရိုင်းခရိုင် အမှတ် ၃ တိုင်းဒေသ စစ်ဦးစီးချုပ်က ဗိုလ်ချုပ်ဝိချစ် ၀ုန်းဆန်ခ်က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024