ရန်ကုန်တိုင်း ၂၂ မြို့နယ်တွင် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
DVB
·
December 17, 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၂ မြို့နယ်မှာ ဒီဇင်ဘာ ၁၈ နဲ့ ၂၀ ရက်နေ့တွေမှာ လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မယ်လို့ ရန်ကုန်လျှစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နဲ့ မြို့နယ်တွေမှာ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံတွေ၊ Distribution Transformer တွေကို ထိန်းသိမ်းပြုပြင်တဲ့ လုပ်ငန်းတွေ၊ ရေရှည်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်းပြီး ၀န်အားမနိုင်တော့တဲ့ ၁၁ ကေဗွီ ဓာတ်အားလိုင်းကြိုးတွေကို လျှပ်ကာပါတဲ့ ဓာတ်အားလိုင်းကြိုးအသစ်တွေ လဲလှယ်တာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဒီအတွက် ဒီဇင်ဘာ ၁၈ နဲ့ ၂၀ ရက်နေ့တွေမှာ မနက် ၉ နာရီကနေ ၁၂ နာရီအထိ လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း မြို့နယ် ၂၂ မြို့နယ်မှာ အချိန်ပိုင်း မီးပြတ်တောက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကမာရွတ်၊ မရမ်းကုန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ အလုံ၊ လှိုင်၊ လသာ၊ ဗဟန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ဥက္ကံ၊ ထန်းတပင်၊ ထောက်ကြန့် မြို့နယ်တွေမှာ ဓာတ်အား အချိန်ပိုင်း ပြတ်တောာက်မှာလည်း ဖြစ်ပါတယ်။
ယာယီဓာတ်အားပြတ်တောက်ရလို့ လူမှုရေး အခက်အခဲတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက် နားလည်ခွင့်လွှတ်ပေးဖို့လည်း ရန်ကုန်လျှစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ပန်ကြားထားပါတယ်။