Home
မြန်မာသတင်း
ကျပ် ၁၀၀၀ တန် အောင်ဘာလေထီ စိတ်ဝင်စားသူ နည်းပါးနေ
စိုးမိုးအောင်
·
December 17, 2018
လာမယ့်နှစ်ဆန်းပိုင်းမှာ စတင်ရောင်းချမယ့် ငွေကျပ် ၁၀၀၀ တန် အောင်ဘာလေထီကို လူစိတ်ဝင်စားမှု နည်းတယ်လို့ ရန်ကုန်မြို့ရှိ ထီလက်ကားဆိုင်တချို့က ပြောပါတယ်။ ၂၀၁၉ခု နှစ် ဖေဖော်ဝါရီမှာ စတင်ရောင်းချပြီး မတ်လမှာဖွင့်မယ့် ကျပ် ၁၀၀၀ တန်ထီနဲ့ ပတ်သက်ပြီး ခုချိန်ထိလာမေးသူ သိပ်မရှိတာကြောင့် ရောင်းဖို့အားမရှိဘူးလို့ ပန်းပဲတန်းမြို့နယ်၊ ၂၇လမ်းက ထီဖြန့်ချိရေးဆိုင်က ပြောပါတယ်။ ရွှေမြန်မာချစ်ကြည်ရေးနှင့် ကမ္ဘာသစ်ထီဖြန့်ချိရေး မန်နေဂျာ ဦးစန်းယုက “အခုဟာက ကျပ် ၅၀၀တန်နဲ့ ၁၀၀၀တန် ပြောင်းလိုက်တဲ့အခါမှာ အဲဒီမှာ စိတ်ဝင်စားမှုအားနည်းသွားတယ်။ ဘာလို့ နည်းလဲဆိုရင် ၅၀၀တန်မှာ သိန်းတစ်သောင်းပေးတယ်။ တစ်ထောင်တန်မှာ သိန်းတစ်သောင်းနဲ့ ငါးထောင်ပဲပေးမယ်ဆိုတော့ လူက သူတို့တော်တော်များများသိတာက ၅၀၀ကို တစ်သောင်း။ တစ်ထောင်ဆို နှစ်သောင်းပေါ့’’လို့ ပြောပါတယ်။ ကျပ်၂၀၀တန်ထီကနေ ကျပ် ၅၀၀တန်ထီပြောင်းလဲချိန်တုန်းကတော့ ဆုကြေးအဖြစ် ကျပ်သိန်း ၁၅၀၀ကနေ သိန်းပေါင်း ၁၀၀၀၀ ဆုပေးတဲ့အပေါ် ထီမဖွင့်ခင် ၃လအလိုထဲက လူစိတ်ဝင်စားမှုများပြီး ထီဆိုင်တွေကို မေးမြန်းတာရှိတယ်လို့ ဆိုပါတယ်။ နောက်အသစ်ထုတ်မယ့် ကျပ်၁၀၀၀တန် ထီလက်မှတ်တွေကတော့ ငွေကျပ်သိန်းပေါင်းတစ်သောင်းခွဲသာ ဆုကြေးသတ်မှတ်တဲ့အပေါ် ဆုကြေးနည်းနေတဲ့ သဘောဖြစ်နေလို့ စိတ်ဝင်စားမှုနည်းတာလို့ ဆိုပါတယ်။ အောင်ဘာလေထီ လက်မှတ်တွေဟာ ဧပြီလကနေ ဇူလိုင်လအထိ ရောင်းအား ကျဆင်းလေ့ရှိပြီး ဒီဇင်ဘာလလို ပွင့်လင်းရာသီတွေမှာတော့ ရောင်းအားကောင်းတာကြောင့် အစိုးရက ထီအလုံးရေ တိုးထုတ်ရတာရှိပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး ကျပ် ၁၀၀၀ တန် ထီလက်မှတ်တွေကို ရောင်းချမှာဖြစ်တဲ့အပြင် ကျပ် ၅၀၀ တန် ထီလက်မှတ်တွေပါ ပူးတွဲရောင်းချမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024