ကေအိုင်အေကြောင့် ငြိမ်းချမ်းရေးမရခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဒုဝန်ကြီးပြောဆို
DVB
·
September 7, 2012
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (ကေအိုင်အေ)ဟာ အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်ကို လုံးဝ ဆွေးနွေးတာမျိုး မလုပ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးပြီးမှ အပစ်အခတ်ရပ်စဲမယ် ဆိုတဲ့ အချက်ကို ကိုင်စွဲထားလို့ လတ်တလော ပစ်ခတ်မှုတွေဖြစ်ပေါ်နေရတာလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်က ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၆ ရက်နေ့က နောက်ဆုံးနေ့အဖြစ် ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကချင်အမတ် ဦးခက်ထိန်နန်က မေးမြန်းတာကို သူကခုလို ဖြေလိုက်တာ ဖြစ်ပါတယ်။
သူက တပ်မတော်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ် အမိန့်အရ ကေအိုင်အေ စခန်းတွေကို ထိုးစစ်ဆင် တိုက်တာ မလုပ်ကြောင်း၊ လုံခြုံရေးတာဝန်ယူနေတဲ့ သူတို့တပ်တွေကို ကေအိုင်အေက တိုက်ခိုက်လို့ ပြန်လည် ခုခံရတာဖြစ်ကြောင်း ဖြေကြားပါတယ်။
ကေအိုင်အေ တာဝန်ရှိသူတွေကတော့ သူတို့နယ်မြေထဲကို အစိုးရစစ်တပ်တွေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ရကြောင်း ပြောဆိုထားပါတယ်။