Home
မြန်မာသတင်း
အမျိုသမီးလေသူရဲများ တိုက်လေယာဉ်မောင်းနှင်နိုင်သည်အထိ ကြိုးပမ်းရန် ကာချုပ်တိုက်တွန်း
DVB
·
December 17, 2018
အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမြှင့်တင်ရေးနဲ့ တပ်မတော်မှာ အမျိုးသမီးစစ်မှုထမ်းတွေပါဝင် ထမ်းဆောင်နိုင်ဖို့အတွက် အမျိုးသမီးစစ်မှုထမ်းတွေကို လေ့ကျင့် မွေးထုတ်ပေးနေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ တပ်မတော်(လေ) (၇၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့  တပ်တော်ဝင်ခြင်း အခမ်းအနားမှာ ပြောကြားသွားတာလို့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ၀က်ဆိုက်မှာ သတင်းထုတ်ပြန်ပါတယ်။ အမျိုးသမီး လေသူရဲတွေအနေနဲ့ တိုက်လေယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေ မောင်းနှင်နိုင်တဲ့အထိ ဆက်လက်လေ့ကျင့်သွားကြဖို့ ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ “လေသူရဲတဦးမွေးထုတ်ပေးနိုင်ဖို့အတွက် သင်တန်းတက်ရောက်သူဟာလည်း ခက်ခက် ခဲခဲနဲ့ ကြိုးစားရသကဲ့သို့ နိုင်ငံတော်အနေနဲ့ ကုန်ကျစရိတ်များပြီး အချိန်ယူကာ လေ့ကျင့်မွေးထုတ်ပေးရခြင်းဖြစ်တယ်။ ဒါကြောင့် အမျိုးသမီးလေသူရဲတွေအနေနဲ့ လည်း မိမိတို့မောင်းနှင်ရတဲ့ လေယာဉ် အမျိုးအစားအလိုက် ပျံသန်းရေး လုပ်ငန်းတာဝန်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ရည်ရှည်ထမ်းဆောင်နိုင်အောင် အစွမ်းကုန်ဆက်လက် ကြိုးစားသွားကြဖို့၊ အတွေ့အကြုံရလာပါက တိုက်လေယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေ မောင်းနှင်နိုင်တဲ့အထိ ဆက်လက်လေ့ကျင့်သွားကြဖို့” ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်း ပြောသွားပါတယ်။ အခုဆိုရင် တပ်မတော် (လေ)ရဲ့သမိုင်းမှာ အမျိုသမီး လေသူရဲအရာရှိ ၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး အခုနှစ်မှာလည်း ဒုတိယ အသုတ်အနေနဲ့  အမျိုးသမီးလေသူရဲ ၅ ဦးအား ဆက်လက်လေ့ကျင့်ပေးနေတယ်လို့သိရပါတယ်။ မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာကျင်းပတဲ့    တပ်မတော်(လေ) (၇၁)နှစ်မြောက်နှစ်ပတ်နေ့ပွဲမှာ တပ်မတော်က အသစ်ဝယ်ယူထားတဲ့ JF-17 အမျိုးအစားလေယာဉ် ၄ စင်း၊ ATR 72-500 အမျိုးအစား လေယာဉ် ၂ စင်း၊ Eurocopter ရဟတ်ယာဉ် ၁ စင်း စုစုပေါင်း ၇ စင်းနဲ့  တပ်တော်ဝင်ခြင်းအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ JF17 အမျိုးအစား တိုက်လေယာဉ်သစ် ၄ စင်းကို မြန်မာတပ်မတော်က ပါကစ္စတန်ကနေ ၀ယ်ယူထားတာဖြစ်ပါတယ်။ ATR 72-500 လေယာဉ် ၂ စီးကတော့  ပြင်သစ်နဲ့ အီတလီတို့ ပူးပေါင်းထုတ်လုပ်တာဖြစ်ပြီး Eurocopter AS 565 ရဟတ်ယာဉ်ကတော့ ပြင်သစ်နိုင်ငံလုပ် ဖြစ်ပါတယ်။ တရုတ်နဲ့ ပါကစ္စတန်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ JF17 အမျိုးအစား တိုက်လေယာဉ် ၁၆ စင်းကို မြန်မာစစ်တပ်က ပါကစ္စတန်နိုင်ငံကနေ ၀ယ်ယူမယ်လို့ ၂၀၁၅ ဇူလိုင်လမှာ ပါကစ္စတန် သတင်းဌာနက သတင်းထုတ်ထားပါတယ်။ ဓာတ်ပုံ- Senior General Min Aung Hlaing
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024