ဟာသသရုပ်ဆောင် ပိ(တ်)ဒေးဗစ်ဆန် ဘေးကင်းစွာရှိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

ဓာတ်ပုံ - Sky News
သရုပ်ဆောင် ပိ(တ်)ဒေးဗစ်ဆန် ဘေးကင်းလုံခြုံမှုရှိကြောင်း နယူးယောက်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့ Sky News သတင်းမှာ ဖော်ပြပါတယ်။ Staurday Night Live စတားဟာ မကြာသေးခင်က ပရိသတ်တွေကို သို့လောသို့လော စိုးရိမ်စိတ်ပိုစေမယ့် မက်ဆေ့ခ်ျကို အင်စတာဂရမ်မှာတင်ခဲ့သူဖြစ်ပါတယ်။ ပိ(တ်)တင်ခဲ့တဲ့ မက်ဆေ့ခ်ျဟာ သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ထင်မြင်ယူဆစရာ ရှိတာကြောင့် ပရိသတ်တွေက စိုးရိမ်နေကြတာဖြစ်ပြီး ဒီလိုစိုးရိမ်မှုတွေ ရှိနေချိန်မှာ ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဟာသ သရုပ်ဆောင် ပိ(တ်)ဟာ ပေါ့ပ်စတား အေရီယာနာ ဂရမ်ဒီနဲ့ မကြာသေးခင်ကမှ လမ်းခွဲခဲ့သူလည်း ဖြစ်ပါတယ်။ “ဒီကမ္ဘာကြီးပေါ်မှာ ဆက်မနေချင်တော့ဘူး၊ ကျနော် လူသားတွေအတွက် အကောင်းဆုံးတွေကို ဆောင်ရွက်ပေးနေပေမယ့် ဒါဟာ ဘယ်လောက်ထိ ရှည်ကြာမလဲဆိုတာ မသိနိုင်ဘူး။ ကျနော်ကြိုးစားခဲ့တာတွေက တခြားသူတွေကို ကူညီနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျနော် ဒီလိုတွေ ပြောခဲ့တာကိုတော့ ခင်ဗျားတို့ မမေ့လိုက်ပါနဲ့” ဆိုတဲ့ စာသားတွေနဲ့အတူ အသည်းပုံ အီမိုဂျီလေးပါတဲ့ မက်ဆေ့ခ်ျတခုကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့လိုတင်ပြီး အသက် ၂၅ နှစ်အရွယ် ပိ(တ်)ဟာ သူ့မက်ဆေ့ခ်ျကို ပြန်ဖျက်သွားခဲ့တာပါ။ ဒါပေမယ့် ပရိသတ်တွေတင်မဟုတ်ဘဲ သူနဲ့ ဘဝတူ အနုပညာရှင်တွေကလည်း ပိ(တ်)အတွက် ဝိုင်းဝန်းပြီး အားပေးစကား ပြောဆိုခဲ့ကြပါတယ်။ ဒီမက်ဆေ့ခ်ျကြောင့် ပိ(တ်)ဟာ သူ့ကိုယ်သူ သတ်သေသွားနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြီး စိုးရိမ်မှုတွေ မြင့်တက်နေကြချိန်မှာ နယူးယောက်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က “ရဲတပ်ဖွဲ့ဝင်တွေဟာ ပိ(တ်)ဒေးဗစ်ဆန်နဲ့ တွေ့ဆုံခဲ့ပြီးဖြစ်တယ်” လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ပိ(တ်) ဘယ်မှာရှိနေတယ် ဆိုတာကိုတော့ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပါဘူး။ ပိ(တ်)ဟာ အခုလအစောပိုင်းတုန်းက သူရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ စိတ်ခံစားချက်ဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေကို အင်စတာဂရမ်ပေါ်မှာ ဖော်ထုတ်ရေးသားခဲ့သူဖြစ်ပြီး တချိန်တည်းမှာပဲ သူ့လိုမျိုး ကမ္ဘာပေါ်မှာ ဆက်လက်အသက်ရှင်စိတ် မရှိတော့သူတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြချင်တယ်လို့ ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။ ပိ(တ်)နဲ့ အဆိုတော်မလေး အေရီယာနာ ဂရမ်ဒီတို့ဟာ ပြီးခဲ့တဲ့ဇွန်လမှာ စေ့စပ်ခဲ့ကြတာဖြစ်ပေမယ့် စေ့စပ်ပြီး လေးလအကြာမှာ လမ်းခွဲပြတ်စဲခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up