ရွှေ့ပြောင်း ဂွါတီမာလာ ကလေးငယ် သေဆုံးမှု အမြန်စုံစမ်းစစ်ဆေးပေးရန် တောင်းဆို

1.5K
အမေရိကန်နယ်စပ် ကင်းလှည့်တပ်ဖွဲ့ဝင်ရေဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးသွားခဲ့တဲ့ အသက် ၇ နှစ်အရွယ် ဂွါတီမာလာ ရွှေ့ပြောင်းကလေးငယ်အမှုကို သေချာစုံစမ်း စစ်ဆေးပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ နယ်စပ်ကွန်ရက်နဲ့ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ နားခိုရာအဖွဲ့တွေက တိုက်တွန်းတောင်းဆိုနေကြပါတယ်။
အသက် (၇)နှစ်အရွယ် ဂွာတီမာလာ ရွှေ့ပြောင်းကလေးငယ် ဂျက်ကလင် ကားလ်ဟာ နယူး မက္ကဆီကိုမှာ အမေရိကန် ကင်းလှည့်တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဒီဇင်ဘာ ၈ ရက်နေ့မှာ သေဆုံးသွားတာဖြစ်ပါတယ်။
ဒီကလေးငယ် သေဆုံးမှုနဲ့ပတ်သက်တဲ့ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ သူမသေဆုံးသွားရတာနဲ့ပတ်သက်လို့ အမြန်ဆုံး စစ်ဆေးပေးဖို့ ရွှေ့ပြောင်းသွားလာသူများအရေး ဆောင်ရွက်နေတဲ့ အုပ်စုတွေက တောင်းဆိုနေကြပါတယ်။
ကလေးငယ် ဂျက်ကလင်ဟာ နှလုံးရပ်တဲ့ ဝေဒနာရယ်၊ ဦးနှောက်ယောင်တဲ့ ဝေဒနာရယ်နဲ့ အသည်းအလုပ်မလုပ်တဲ့ ဝေဒနာတွေကို ခံစားခဲ့ရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။
ဂျက်ကလင်နဲ့ သူမရဲ့ အဖေတို့ဟာ နယူးမက္ကဆီကိုထဲက ဝေးလံခေါင်ဖျား အစိတ်အပိုင်းတခုမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ၂ ရက်အကြာ တက္ကဆက်ဆေးရုံ အယ်လ်ပေဆိုမှာ သေဆုံးသွားတာဖြစ်ပါတယ်။
ဒီကလေးမှာ အရင်က ဒီလိုကျန်းမာရေးအခြေအနေမျိုးတွေ မရှိခဲ့ဘူးလို့ ဖခင်ဖြစ်သူ နယ်ရီကားလ်က ပြောပါတယ်။
ကလေးငယ်အလောင်းကို ဂွါတီမာလာကို ပြန်သယ်သွားနိုင်ဖို့ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ နားခိုရာအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ရူဘန် ဂါဇီယာက ဂွါတီမာလာ ကောင်စစ်ဝန်ရုံးနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။
ပြည်သူ့ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ပုံမှားယွင်းမှုတွေကို စစ်ဆေးရတဲ့ စုံစမ်းစစ်ဆေးရေးရုံးကနေ ဒီသေဆုံးမှုဖြစ်စဉ်ကို ဦးဆောင်စစ်ဆေးသွားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ဝေမျှပေးသွားမယ်လို့ ဆိုပါတယ်။