Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း လောင်းကစားဝိုင်းများကြောင့် သဘင်လောက ထိခိုက်နေဟုဆို
DVB
·
December 16, 2018
မွန်ပြည်နယ်မှာ ဘုရားပွဲတွေကို အကြောင်းပြပြီး လောင်းကစားဝိုင်းတွေက ပွဲခင်းအတွင်း နေရာယူထားကြလို့ ဇာတ်ပွဲအရည်အသွေးကောင်းမွန်အောင် မဖျော်ဖြေနိုင်တော့ဘဲ သဘင်လောက ထိခိုက်နစ်နာနေတယ်လို့ မွန်ပြည်နယ်သဘင်အစည်းရုံးက ပြောပါတယ်။ မွန်ပြည်နယ် သဘင်အစည်းအရုံး၊ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးမင်းနိုင်စိုးက  “အာဝါဒေး(လောင်းကစား) တွေ မရှိလေကောင်းလေပဲ။ မြ၀တီဘက်မှာဆိုရင်လည်း အာဝါဒေးတွေရှိနေတဲ့အတွက် ကြေးသိပ်မရဘဲ သွားသွားကနေရတယ်။ သဘင်နဲ့ပတ်သက်ပြီး ည ၁၀ နာရီလောက်မှ ထွက်ရတော့ အဆင်မပြေဘူး။ အာဝါဒေးတွေရှိနေတော့ ဇာတ်သဘင်လည်း ပစ်စလက်ခတ် သွားကနေရတော့ တိုးတက်မှုလည်း မရှိဘဲ တဖြည်းဖြည်းဆုတ်ယုတ်လာတယ်” လို့ ပြောပါတယ်။ မွန်ပြည်နယ်သဘင်အစည်းရုံး၊ အလုပ်အမှုဆောင်ကော်မတီအတွင်းရေးမှူး ဦးဂွတ်ရှယ်က “ကစားဝိုင်းကန်ထရိုက်တွေက ဘုရားပွဲတွေ၊ ရှင်ပြုပွဲတွေ၊ ဘုန်းကြီးပျံနဲ့ ဘုန်းကြီးမွေးနေ့ပွဲတွေကို ကစားဝိုင်းတွေနဲ့ ငုံပြီးတော့ ပွဲတွေစီစဉ်လာကြတဲ့အတွက် ပွဲဈေးနှုန်းပိုင်းမှာ တော်တော်လေးကို ထိခိုက်ပါတယ်။ ပွဲဈေးစကားပြောလိုက်ရင် အနောက်မှာ ၆ သိန်း၊ ၅ သိန်းနဲ့ ကမယ့်သူက အဆင်သင့်ရှိနေတယ်။ဘာကြောင့် သူတို့ကနိုင်လဲဆိုရင် လုပ်သားတွေကိုနှစ်ညတစ်ညတွေ ငှားထားလို့။ ဒါကြောင့် ဇာတ်ဆရာတွေက တနှစ်ပြီးသွားရင် အရှုံးပေါ်ကြတယ်။” ဒါ့အပြင် ဇာတ်သဘင်မှ လုပ်သားတွေ ယာဉ်မတော်တဆမှုအပါအ၀င် ထိခိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး အသက်အာမခံမှုမရှိတဲ့အတွက် အခွန်ဆောင်ပြီး အသက်အာမခံထားဖို့နဲ့ ပွဲငှာရမ်းခ သတ်မှတ်ကြေးအပါအ၀င် လုပ်သားတွေကို အကာအကွယ်ပေးဖို့အတွက် သဘင်အစည်းအရုံး (ဗဟို) နဲ့ ညှိနှိုင်းတင်ပြမယ်လို့ ဆိုပါတယ်။ မော်လမြိုင် လူရွှင်တော်အသင်း အတွင်းရေးမှူး ရားရားလေးက မွန်ပြည်နယ်က ဇာတ်သဘင်နဲ့ တခြားအနယ်နယ်အရပ်ရပ်က ဇာတ်သဘင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆင့်အတန်းပိုင်း တော်တော် ကွာဟနေတယ်လို့ ပြောပါတယ်။ “မွန်ပြည်နယ်က ဇာတ်သဘင်တော်တော်များများက အဆင့်အတန်းအားဖြင့် တော်တော်နိမ့်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးက ဆင်းလာတဲ့ဇာတ်တွေဆိုရင် အမိုးအကာ၊ ရေမီးအစုံ အားလုံး ဇာတ်စင်က အစပေါ့ ပြည့်စုံတယ်။ ကျနော်တို့ဆီမှာက ရောက်ရင်ရောက်တဲ့ အတိုင်းကရတယ်။ ရှိတဲ့ရှိတဲ့အတိုင်းကရတယ်။ မကချင်ရင်ပြန်။ အဲ့ဒါကို ပြောင်းလဲဖို့ဆိုတာ ကျနော်တို့လုပ်သားတွေလည်း လုပ်လို့မရဘူး။ ဇာတ်ဆရာတွေလည်း လုပ်လို့မရဘူး။ မွန်ပြည်နယ်မှာ အထိုင်ရှိနေတဲ့ သဘင်ရုံးက ဦးဆောင်ပြီးလုပ်မှသာ အဆင်ပြေမှာပါ။” ဇာတ်ပွဲတပွဲတည်ထောင်ဖို့ မင်းသား၊ မင်းသမီးအပါအ၀င် ဇာတ်လုပ်သား ၄၀ နှင့်အထက်ရှိပြီး ကုန်ကျစရိတ်မှာ ကျပ်သိန်းတစ်ထောင်ဝန်းကျင်လောက်ရှိတယ်လို့ ဇာတ်ပွဲတည်ထောင်သူတွေဆီက သိရပါတယ်။ မွန်ပြည်နယ်မှာ မြန်မာဇာတ်ပွဲ ၃၅ ဇာတ်နဲ့ မွန်ဇာတ်ပွဲ ၉ ဇာတ်၊ စုစုပေါင်း ၄၄ ဇာတ်ရှိပြီး မွန်ဇာတ်ပွဲအတွက် ပွဲငှားရမ်းခ နှစ်ည ကျပ်သိန်း ၄၀ နဲ့ မြန်မာဇာတ်ပွဲအတွက် နှစ်ည ကျပ် ၁၉ သိန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဇာတ်သဘင်ကာလတွေကို ရာသီချိန်ဖြစ်တဲ့ သီတင်းကျွတ်လမှစတင်ပြီး ကဆုန်လအထိ သတ်မှတ်ထားပေမယ့်လည်း ပြာသို၊ တပို့တွဲ၊ တပေါင်းလမှသာ ငှားရမ်းမှု ပိုများကြောင်း မွန်ပြည်နယ်သဘင်အစည်းအရုံးမှ သိရပါတယ်။ အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024