ဘန်ကောက်ကုန်တိုက်များမှ ဖုန်းဆိုင်များကို ဖောက်ထွင်းသည့် မိန်းမချောအား ဖမ်းမိ (ရုပ်သံ)

930
ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကုန်တိုက်ကြီးတွေမှာ တယ်လီဖုံးဆိုင်လှည့်လည် ဖောက်ထွင်းနေသူ မိန်းမချောတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီလို့ ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြ ပါတယ် ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က ဘန်ကောက် ဘန်းခဲနယ်မြေရှိ မေကျကုန်တိုက်ထဲမှာ တယ်လီဖုံးဆိုင်တွေ ဖောက်ထွင်းခံခဲ့ရပြီး တယ်လီဖုံး ၁၆ လုံးနဲ့ ဖုန်းနဲ့သက်ဆိုင်တဲ့ အခြားပစ္စည်းတွေပါ ပျောက်ဆုံးသွားပါတယ်။
အဲဒီနောက် မိန်းမချောတဦးမှ အဆိုပါကုန်တိုက်ရှိ ဖုန်းဆိုင်တွေထဲ ညဥ့်နက်ချိန် လှည့်လည်ဖောက်ထွင်းနေတဲ့ စီစီကင်မရာရုပ်သံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီး နယ်မြေခံရဲတပ်ဖွဲ့က အဆိုပါ ကင်မရာထဲပါတဲ့ မိန်းကလေးကို လိုက်လံစုံစမ်းရှာဖွေရာမှာတော့ အသက် ၂၉ နှစ်ရွယ်ရှိ နန်းဆောင်ပ၀ီနာ ဆေဖိထတ် ခေါ် ကွဲ့ အမည်ရှိ မိန်းကလေးဖြစ်ကြောင်း သိရှိရတာကြောင့် ဖစ်ကဆဲမ်နယ်မြေရှိ သူမနေထိုင်ရာ တိုက်ခန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့က ၀င်ရောက်ဖမ်းဆီးခဲ့တာပါ။
သူမရဲ့ ခင်ပွန်းဖြစ်သူ နိုင်းချလိုထောင်း ကျန်လုတ် (၂၄ နှစ်) မှာလည်း ဖောက်ထွင်းမှုကြံ ရာပါအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။
နန်းဆောင်ပ၀ီနာက သူမဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အလုပ်ပြုတ်ထားလို့ လက်ထဲမှာ သုံးစရာငွေမရှိတာကြောင့် ကျူးလွန်ခဲ့ရတာဖြစ်ကြောင်း၊ သူမဟာ ကုန်တိုက်ထဲရှိ ရုပ်ရှင်ရုံမှာ ညဥ့် နက်ပိုင်းပြတဲ့အချိန်ကို ၀င်ကြည့်ပြီး အဲဒီနောက် လူတွေပြန်ချိန်၊ လူရှင်းချိန်မှာ ဖုန်းရောင်းတဲ့ ဇုန်ထဲ ၀င်ရောက်ပြီး ဖောက်ထွင်းခဲ့တာလို့ ၀န်ခံသွားပါတယ်။
သူမဟာ ဒီမတိုင်ခင် ဒီဇင်ဘာလဆန်းပိုင်းကလည်း ပင်ကောက်နယ်မြေရှိ မေဂျာကုန်တို က်ကြီးက ဖုန်းဆိုင်ကို ဖောက်ထွင်းခဲ့ဖူးပြီး ဒီတကြိမ်နဲ့ဆိုရင် ဆိုင်ခန်းပေါင်း ၁၄ ခန်းကို ဖောက်ထွင်းခဲ့တယ်လို့ ၀န်ခံသွားပါတယ်။