Home
မြန်မာသတင်း
ဟိုပင်တွင် ကျပ်သိန်းပေါင်း  နှစ်သောင်းခွဲခန့် တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးများ ဖမ်းမိ
နန်းမြနဒီ
·
December 15, 2018
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ်ထဲမှာ မနေ့မနက်က ကျပ်သိန်းပေါင်း နှစ်သောင်းခွဲ လောက် တန်ဖိုးရှိ စိတ်ကြွဆေးပြား၊ ဘိန်းဖြူနဲ့ ဘိန်းဆီခဲတွေ ဖမ်းဆီးရမိတယ်လို့ ဟိုပင်ရဲစခန်းက ပြောပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က ဟိုပင်မြို့နယ် ဇီးကုန်းကျေးရွာ ဟိုပင်-နမ့်မွန်းသွားကားလမ်းဘေးအနီး ရပ်နားထားတဲ့  နက်ပြာရောင်တိုယိုတာ ဟိုင်းလပ်ကားတစီးကနေ မူးယစ်ဆေးဝါး အမြောက်အမြား သိမ်းဆည်းရမိတာလို့ ဟိုပင်မြို့နယ်ရဲစခန်းမှူး ရဲအုပ်ဗျက်ဆန်းက ဒီဗွီဘီကို ပြောပါတယ်။ “ရပ်ထားတဲ့ ကားနားမှာ လူ ၄ ယောက်က အိတ်တလုံးကို ၂ ယောက်က ရှေ့မှာ ၂ ယောက်က နောက်မှာ ကိုင်မနေတာတွေ့တော့ ကျနော်တို့က မသင်္ကာလို့ စစ်ဆေးမယ်ဆိုပြီး သွားလိုက်တာ။ အဲဒီခါမှာ သူတို့က တောင်အောက်ကို ဆင်းပြေးကြတယ်။ ဇီးကုန်းရွာတောင်အောက်ဘက်က  ချုံနွယ်ပိတ်ပေါင်းတွေ၊ ၀ါးပင်သစ်ပင်ကြီးတွေ ထူတဲ့ လျှိုကြီးထဲကို ထွက်ပြေးပျေက်ကွယ်သွားတာ။ ကျနော်တို့ တပ်ဖွဲ့ဝင်အင်အားတွေ ပြန်ခေါ်ပြီး ပိတ်ဆို့ပြီးလိုက်ရှာတာ မတွေ့ဘူး။” ကားကိုစစ်ဆေးရာမှာ ကားနောက်ခန်း အိတ်ထဲကနေ စုစုပေါင်း ကျပ်သိန်းပေါင်း ၂၄၉၅၇   တန်ဖိုးရှိ ဆပ်ပြာခွက် ၅၇၂ ခွက်နဲ့  ထည့်ထားတဲ့ ဘိန်းဖြူ ၅၇၂၀ ဂရမ်၊ တံဆိပ်မပါတဲ့ စိတ်ကြွဆေး  ၆၆၆ ၉၀၀ ပြား၊ ဘိန်းဆီခဲ က ၁၄၃၇၀ ဂရမ် ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ “အဲဒီထွက်ပြေးသွားတဲ့ လူတွေရဲ့ မှတ်ပုံတင်တွေ ကားထဲမှာ ကျန်ခဲ့တော့ ဘယ်သူဘယ်ဝါဆိုတာသိတယ်၊ သူတို့ကို ဖမ်းဆီးရမိဖို့ သူတို့သွားနိုင်တဲ့ လမ်းကြောင်းကနေ  ၀ိုင်းဝန်းရှာဖွေပေးဖို့ သက်ဆိုင်ရာတွေကို အကုန်လုံး အကြောင်းကြားထားပါတယ်” လို့ ရဲအုပ်ဗျက်ဆန်းက ပြောပါတယ်။ ထွက်ပြေးသူတွေမှာ မိုးမိတ်မြို့ ဟော်နန်းရပ်ကွက်နေ ဦးဇော်ဆိုင်း၊ ဦးဖော်တူး၊ ဦးအောင်ထွန်းတို့ဖြစ်ပြီး နောက်တယောက်ကိုတော့ စစ်ဆေးဆဲပဲလို့ ဆိုပါတယ်။ ဟိုပင်နယ်မြေရဲစခန်းက ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၉၅ ကြိမ်ရှိခဲ့ပြီး မူးယစ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူ၊ အမှုရင်ဆိုင်နေသူတွေ ၁၀၀ ကျော်ရှိကြောင်း၊ မနေ့က ဖမ်းဆီးရရှိမှုက ခရိုင်တခုလုံးအနေနဲ့ ပမာဏအများဆုံးဖြစ်တယ်လို့ စခန်းမှူးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024