ကိုရီးယားနှင့်တူရန် အကြိမ်ပေါင်း ၃၀ ခန့် ခွဲစိတ်ပြုပြင်ခဲ့သည့် ထိုင်းအမျိုးသား

ကိုရီးယား အနုပညာရှင်တွေလို ချောမောလှပဖို့ အကြိမ် ၃၀ လောက် ခွဲစိတ်ပြုပြင်မှုလုပ်ခဲ့တဲ့ ထိုင်းအမျိုးသားတယောက်ဟာ အခုတလော သတင်းမီဒီယာတွေထက်မှာ နာမည်ကြီးနေပါတယ်။ ဒီအမျိုးသားရဲ့နာမည်က ပရာဆစ်လို့ခေါ်ပြီး အသက် ၂၅ နှစ်ရှိပါပြီ။ သူ့လုပ်ရပ်ဟာ အနည်းငယ် ထူးဆန်းနေပေမယ့် ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်မှာ အကြောင်းပြချက်များစွာလဲရှိနေပါတယ်။ ပရာဆစ်ဟာ အရင်က ဖိနပ်ရောင်းတဲ့သူဖြစ်ပြီး ဒီလိုခွဲစိတ်မှုတွေ မလုပ်ခင်တုန်းက စီးပွားရေးရော လူမှုရေးမှာပါ အောင်မြင်တဲ့သူ တယောက်မဟုတ်ခဲ့ပါဘူး။ အကသမားတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ချက်ရှိခဲ့ပေမယ့် အမြဲတမ်းငြင်းဆန်ခံခဲ့ရပြီးတော့ သူနဲ့ဆို ဘယ်ကောင်မလေးမှ မတွဲချင်ခဲ့ပါဘူး။ ဒီလိုမျိုးအခြေအနေမျိုးတွေကြောင့် ပရာဆစ်ဟာ ခွဲစိတ်မှုတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးသော ခွဲစိတ်ပြုပြင်မှုကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က စတင်ခဲ့ပါတယ်။ အဲ့ဒီကနေစပြီးတော့ ပရာဆစ်ဟာ သူ့မျက်နှာကို ၂ နှစ်အတွင်း အကြိမ်ပေါင်း ၃၀ နီးပါး ခွဲစိတ်ပြုပြင်မှုလုပ်ခဲ့ပြီး ဘတ် ၃၀၀,၀၀၀ လောက်သုံးစွဲခဲ့ပါတယ်။ ပရာဆစ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ယူဆရမှာဖြစ်ပြီး ခွဲစိတ်မှုတွေ ခံယူခဲ့ပြီးချိန်မှာတော့ သူ့ရဲ့ရုပ်ရည်သွင်ပြင်တင်မဟုတ်ဘဲ ဘဝတခုလုံးပါ အကြီးအကျယ်ကွဲပြားခြားနားသွားခဲ့ပါတယ်။ ခွဲစိတ်မှုတွေ လုပ်ပြီးချိန်မှာတော့ ပရာဆစ်က အရင်ကအကြိမ်ကြိမ်အငြင်ခံခဲ့ရတဲ့ အကသမားအလုပ်နေရမှာ အရွေးချယ်ခံခဲ့ရသလို ထိုင်းနိုင်ငံရဲ့ “One Man” talent show မှာလည်း ဆန်ကာတင်စာရင်းဝင်ကာ လူကြိုက်အများဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခု ချိန်မှာဆိုရင်လည်း သူဟာ ရုပ်သံအစီစဉ်တွေမှာ တခါတရံပါဝင်ခွင့်ရနေပြီဖြစ်ပါတယ်။  ဒါ တင်မကသေးဘဲ သူ့ရုပ်ရည်ဟာ နာမည်ကျော် ကေပေါ့ ဆယ်လီ မင်ဟိုနဲ့တူတာကြောင့် ထိုင်းမင်ဟိုလို့ နာမည်ပေးခံထားရပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်အဖြစ်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ပရာဆစ်ရဲ့ ခွဲစိတ်ပြုပြင်မှုသတင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မတ်လလောက်က စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီလိုခွဲစိတ်ပြုပြင်ဖို့အတွက် အဓိကတွန်းအားတရပ်က ဘဝမှာ အောင်မြင်ချင်တဲ့အတွက်ကြောင့်လို့ သူကပြောပါတယ်။ “ကျနော့်ကိုယ်ကျနော် ပြောင်းလဲနေတဲ့အချိန်အတွင်း အခက်အခဲအတားအဆီးများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျနော်ဟာ လုံးဝကွဲပြားခြားနားတဲ့ လူတယောက် ဖြစ်သွားပြီဖြစ်ပြီး ကျနော့်ဘဝအတွက် အခွင့်အလမ်းပေါင်းများစွာလည်း ပေါ်ထွက်လာခဲ့ပြီ” လို့ သူက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up