Home
Lead Story
မြင်ကွင်းမှပျောက်ကွယ်သွားပြီဖြစ်တဲ့ ဂျူဗလီဟော (သုတကဖေး)
DVB
·
December 15, 2018
မြန်မာလူထုဖြတ်သန်းရာ ဗြိတိသျှကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်နဲ့ မဆလခေတ်တို့ကို သိမီခဲ့တဲ့ သက်ကြားအိုကြီးကတော့ ၁၉၈၅ ခုနှစ်မှာပဲ နိတ္ထိတန်ခဲ့ပါပြီ။ သူ့ကို ဖြိုဖျက်စဉ်က မျက်နှာစာ အုတ်တိုင်ခြေရင်းမှာ ဟောဒီလို ရေးထားတဲ့ ကြေးကမ္ပည်းတခု တွေ့လေရဲ့။ The Foundation of This Hall To Be Erected To Commemorate The Jubilee / Of Her Most Gracious / Majesty Queen VICTORIA / EMPRESS Of INDIA / Was Laid  By / Sir Alexander /Mackinzie KCSI / On 31st January 1895. ဗစ်တိုရီးယားဘုရင်မကြီးရဲ့ နန်းတက် စိန်ရတုအထိမ်းအမှတ်အဖြစ် အိန္ဒိယ မဟာဝန်ရှင်တော်မင်းကြီး ဖြစ်သူ ဆာအလက်ဇန္ဒားမက္ကင်ဇီက ၁၈၉၅ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဤခန်းမအဆောက်အအုံကို အုတ်မြစ်ချခဲ့တယ်လို့ အင်္ဂလိပ်လို ကမ္ပည်းထိုးခဲ့တာကို တွေ့ရတယ်။ ဝိတိုရိယဘုရင်မကြီး အထိမ်းအမှတ်အဖြစ် ဆောက်ခဲ့တာမို့ သူ့ကို “ဂျူဗလီဟော” လို့ သိခဲ့ကြ၊ ခေါ်ခဲ့ကြပါတယ်။ ဂျူဗလီဟောအကြောင်း မပြောခင် တည်ဆောက်တဲ့ ခုနှစ်အကြောင်း အနည်းငယ်ရှင်းပြဖို့ လိုမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာဝီကီပီးယားမှာ ၁၈၉၃ ခုနှစ်မှာ အုတ်မြစ်ချတယ်လို့ ဆိုတယ်။ နန်းစံ ၂၅ နှစ် ငွေရတုအထိမ်းအမှတ်အဖြစ် ဆောက်တယ်လို့ ဆိုထားပါတယ်။ တကယ်တော့ ဝိတိုရိယဘုရင်မကို မွေးတာက ၁၈၁၉ မေ ၂၄ ပါ။ သူ့အစ်ကိုသုံးယောက်စလုံး သေသွားတဲ့အတွက် သူ့အသက် ၁၈ နှစ်မှာပဲ ဧကရီဘုရင်မသရဖူကို ရရှိခဲ့တာ ၁၈၃၇ မှာပါ။ ၁၈၉၇ ခုနှစ်ထဲမှာ နန်းသက် ၆ဝ ပြည့်မှာ။ ဒါကြောင့် စိန်ရတုအထိမ်းအမှတ်အဖြစ် ၁၈၉၅ ထဲမှာ အုတ်မြစ်ချခဲ့တာက အမှန်ဖြစ်ပါတယ်။ ဂျူဗလီဟောဆောက်ဖို့ နေရာရွေးချယ်ကြတော့ ရွှေတိဂုံဘုရားလမ်း ကျားကူးဓမ္မာရုံ မြောက်ဘက်ယွန်းယွန်းမှာ အရင်က Assembly Rooms လို့ခေါ်တဲ့ အင်္ဂလိပ်တို့ရဲ့ စုပေါင်းရိပ်သာတခု ရှိတယ်။ အဲ့ဒီရိပ်သာကို သစ်သားနဲ့ ဆောက်ထားတာ။ ရိပ်သာထဲမှာ ဆွဲယပ်တွေ၊ နံရံကပ်မီးတိုင်တွေနဲ့ ခင်းကျင်းထားတာ။ ဒီရိပ်သာမှာပဲ မျက်နှာဖြူအရာရှိတွေ ဘိလိယက်ထိုးတဲ့ခန်းမ၊ ဧည့်ခန်း၊ စာကြည့်ခန်းတွေလည်း ရှိသလို ကပွဲခန်းမတွေနဲ့ အစည်းအဝေးခန်းမတွေလည်း ရှိတယ်။ သူနဲ့ မလှမ်းမကမ်းမှာတော့ ပထမဆုံး မြင်းပြိုင်ကွင်းလည်း ရှိတာပေါ့။ အဲ့ဒီ စုပေါင်းရိပ်သာကြီးက ၁၈၅၃ ခုနှစ်လောက်က ဆောက်တာဆိုတော့ အိုမင်းနေပြီ။ ဒါကြောင့် အင်္ဂလိပ်တို့ရဲ့ စုပေါင်းရိပ်သာကို ဖြိုဖျက်ပြီး ဂျူဗလီဟောဆောက်ဖို့ ရွေးချယ်လိုက်ကြပါတယ်။ အဆောက်အုံကို မက္ကင်ဇီက အုတ်မြစ်ချခဲ့တယ်။ အဆောက်အအုံ ရန်ပုံငွေကိုတော့ အဲ့ဒီအချိန်က မြူနီစီပယ်ဥက္ကဋ္ဌဖြစ်တဲ့ ဟာဒဗတ်အီးလ် (Herbert Lovely Rales) က လက်ခံပါတယ်။ အဆောက်အအုံရဲ့ဟန်ကတော့ ဂရိခေတ် ဗိသုကာ (Gothic) ခုံးချွန်ဟန်ပါ။ ထုထည်ကြီးကြီးနဲ့ ဆောက်ခဲ့တာ။ အဆောက်အုံက နှစ်ထပ်ပါ။ အဆောက်အုံရဲ့ ရှေ့မျက်နှာစာက ဝင်လိုက်တာနဲ့ ဧည့်ကြိုဆောင်ကို အရင်ရောက်တယ်။ ဧည့်ကြိုဆောင်ရဲ့ ဘေးတဖက်တချက်မှာတော့ အပေါ်ထပ်ကိုတက်ဖို့ တံတောင်ဆစ်ချိုး လှေကားနှစ်စင်း ရှိတယ်။ အပေါ်မတက်ဘဲ ဧည့်ကြိုဆောင်ကနေ ဝင်မယ်ဆိုရင် ခုံးသဏ္ဌာန်လုပ်ထားတဲ့ တံခါးသုံးပေါက် ရှိတယ်။ အထဲရောက်လို့ ခန်းမအဆုံးမှာတော့ စင်မြင့်ကြီးရှိပါတယ်။ ခန်းမဆောင်ရဲ့ ဘေးတဖက်တချက်မှာ အဝင်အထွက်တံခါးပေါက် ၆ ခုစီရှိလေရဲ့။ တံခါးခြောက်ခုတွေမှာ စင်္ကြံရှည်ကြီးလည်း ရှိသေးတယ်။ အောက်ထပ်မှာလိုပဲ အပေါ်ထပ်မှာလည်း တံခါးခြောက်ပေါက် ရှိတယ်။ အပေါ်ထပ်တံခါးပေါက်တွေကနေ အပြင်ထွက်ရင် အမိုးမဲ့လေသာဆောင်ရှိတာမို့ အပြင်ထွက်ပြီး အနားယူလို့လည်း ရသေးတယ်။ ဒီအဆောက်အအုံ ဆောက်ပြီးတဲ့နောက်မှာ မြူနီစီပယ် အုပ်ချုပ်မှုအောက်ကို လွှဲပြောင်းပေးခဲ့တာ။ ဒီလိုနဲ့ ဘုရင်မကြီးရဲ့ စိန်ရတုအထိမ်းအမှတ်ဖြစ်တဲ့ ဂျူဗလီဟောဟာ အများဆိုင် အဆောက်အအုံ ဖြစ်လာခဲ့ပါတော့တယ်။ ၁၈၉၇ ခုနှစ်မှာပြီးစီးလို့ ဖွင့်ပွဲကျင်းပပြီးတဲ့နောက်မှာ ပထမဆုံးခန်းမကို စတင်အသုံးပြုခဲ့တာက “Amateur Orchestra Society အဖွဲ့လို့ B.R.Pearn က သူ့ရဲ့ A History of Rangoon (P-265) မှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉ဝ၁ ခုနှစ်ထဲမှာ ဘုရင်မကြီး ကံတော်ကုန်တဲ့ အထိမ်းအမှတ်အဖြစ် တိရစ္ဆာန်ရုံအသစ်တည်ဖို့ ဒီနေရာမှာ အစည်းအဝေးလုပ် ဆုံးဖြတ်ပြီး တည်ဆောက်ခဲ့ရာက အခု ရန်ကုန်တိရစ္ဆာန်ရုံသစ်ကြီး ပေးလာခဲ့တာပါပဲ။ ဂျူဗလီဟောဟာ အများဆိုင်အဆောက်အအုံ ဖြစ်တာနဲ့အညီ မင်္ဂလာဆောင်ပွဲတွေ၊ လူထုစည်းဝေးပွဲတွေ၊ ဟောပြောပွဲ၊ ကုန်စည်ပြပွဲ၊ ရန်ပုံငွေရှာပွဲ အစရှိတဲ့ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးပွဲအစုံစုံ ကျင်းပရာနေရာတခု ဖြစ်ခဲ့တယ်။ အစိုးရဘက်ရော ပြည်သူဘက်ကရော မကျန် ဒီနေရာမှာ ပွဲကျင်းပခဲ့ကြတယ်။ အစိုးရထောက်ခံသူရော ဆန့်ကျင်သူရော ကိုယ့်တာဝန်နဲ့ကိုယ် ကိုယ့်ရည်မှန်ချက်အတိုင်း လျှောက်လှမ်း စုဝေးရာနေရာ ဖြစ်ခဲ့တယ်။ ဒီနေရာကပဲ သပိတ်မှောက်ကျောင်းသားအဖွဲ့တို့ လှုံ့ဆော်မှု လုပ်ခဲ့ကြတယ်။ ဒီအရပ်မှာပဲ ဘွဲ့နှင်းသဘင် ကျင်းပရာအရပ် ဖြစ်ခဲ့ဖူးတယ်။ ဒီနေရာမှာပဲ သူပုန်ကျောင်းသားသမဂ္ဂ ဗကသ စတင်ဖွဲ့စည်းရာ ဘူမိနက်သန် ဖြစ်ခဲ့တယ်။ ဖေပုရှိန် အင်္ဂလန်သွားပြီး အုပ်ချုပ်ရေး တိုးမြှင့်ပေးဖို့ အစည်းအဝေးပွဲ ကျင်းပခဲ့သလို ဖေပုရှိန် အင်္ဂလန်မရောက်မီ နယ်ချဲ့အလိုတော်ရိတို့ရဲ့ ကန့်ကွက်ပွဲတွေလည်း ကျင်းပခဲ့တယ်။ တွဲရေးခွဲရေး အငြင်းအခုံတွေလည်း ညံနေအောင် ကြားခဲ့ရဖူးတယ်။ ဒိုင်အာခီ၊ ဟုမ်းမရူး၊ ၉၁ ဌာနအုပ်ချုပ်ရေး အကြောင်းလည်း မိုးမွှန်အောင် ပြောခဲ့ကြတယ်။ ဂန္ဒီ၊ တဂိုးတို့ကိုလည်း ဂုဏ်ပြုခဲ့ဖူးတယ်။ အထူးချွန်ဆုံးမင်းသားကြီး Sir John Gielgud နဲ့ ရှိတ်စပီးယားရဲ့ နာမည်ကျော် Ham Let ပြဇာတ်ကြီးလည်း ကပြခဲ့ဖူးတယ်။ အဆုံးစွန်ဆုံး လွတ်လပ်ရေးအတွက် ဖဆပလရဲ့ပွဲတွေ၊ တိုင်းပြုပြည်ပြု ဆွေးနွေးပွဲတွေ ကျင်းပလို့ အခြေခံဥပဒေ ရေးဆွဲရာနေရာလည်း ဖြစ်ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးတို့ သန္ဓေတည်ရာလည်း ဖြစ်ခဲ့တဲ့ ဂျူဗလီဟောဟာ ၁၉၅၂ ခုနှစ်မှာတော့ အမျိုးသားပြတိုက်အသွင် ပြောင်းလိုက်ကြပါပြီ။ ဘားနပ်ပိဋကတိုက်နဲ့ ပေါင်းပြီး အမျိုးသားစာကြည့်တိုက် ဖြစ်ခဲ့ပြန်တယ်။ ဒီကာလကစလို့ ဂျူဗလီဟောဟာ ပြည်သူလူထုနဲ့ ထိတွေ့မှု နည်းသွားခဲ့ပါပြီ။ အနုပညာသင်ကျောင်းလိုလို ယဉ်ကျေးမှုဌာနလိုလို ဗုဒ္ဓဘာသာ ဆင်းတုတော်ပြပွဲလိုလိုနဲ့သာ လူထုနဲ့ဝေးတဲ့ အဆောင်အအုံအိုကြီးအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလာခဲ့ပါတယ်။ ၁၉၆၈ နောက်ပိုင်းရောက်တော့ စာကြည့်တိုက်ကို မြို့တော်ခန်းမရွှေ့ပြီး ဂျူဗလီဟော ယဉ်ကျေးမှု ကဇာတ်အဖွဲ့ ကပြရာနေရာ တဖြစ်လဲလာခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၈၅ ခုနှစ်ထဲမှာတော့ ဘဝမျိုးစုံ ကျင်လည်ခဲ့တဲ့ ဂျူဗလီဟောဟာ အနိစ္စသဘောနဲ့ ကိစ္စချောသွားခဲ့ပြီးတဲ့နောက် “တပ်နယ်မြေ မကျူးကျော်ရ” ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူ စစ်သမိုင်းပြတိုက်အဖြစ် အသိမ်းခံလိုက်ရပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး “ဂျူဗလီဟော” ဆိုတဲ့ အဆောက်အအုံဟာ လူထုမြင်ကွင်းကနေ အပြီးပိုင် ကွယ်ပျောက်လို့ သွားခဲ့ပါတော့တယ်။ ဆရာဋ္ဌေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024