Homeမြန်မာသတင်း
သံဃာ့ဝိနည်းနှင့်မညီသူများကို အာဏာစက်ဖြင့်အရေးယူပေးရန် မွန်ပြည်နယ်အစိုးရကို တိုက်တွန်း
သံဃာ့ဝိနည်းနှင့်မညီသူများကို အာဏာစက်ဖြင့်အရေးယူပေးရန် မွန်ပြည်နယ်အစိုးရကို တိုက်တွန်း
DVB
·
December 15, 2018
မွန်ပြည်နယ်အတွင်း သာသနာတော် သန့်ရှင်းဖို့ သံဃာ့ဝိနည်းနဲ့မညီတဲ့ ရဟန်းဝတ်တွေ၊ သံဃာအတုအယောင်တွေကို ဓမ္မစက်နဲ့အရေးယူနေပေမယ့် အာဏာစက်နဲ့ အရေးယူမှု အားနည်းနေလို့ သာသနာတော်သန့်ရှင်းရေး အာဏာစက်နဲ့ ထိရောက်စွာ အရေးယူပေးဖို့ ပြည်နယ်သံဃာ့မဟာနာယကအဖွဲ့တွေက မွန်ပြည်နယ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
သံဃာကျင့်ဝတ်နဲ့မညီတဲ့ ရဟန်းဝတ်တွေဟာ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ အိနြေ္ဒကင်းမဲ့စွာ အချိန်အခါမဟုတ် အလှူခံနေတာတွေ၊ သစ်မှောင်ခိုနဲ့ ကျောက်မှောင်ခိုလုပ်နေတာ၊ မူးယစ်ဆေးဝါးသုံးတာ၊ ရောင်းဝယ်တာ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာတွေကို ပြောင်ပြောင်တင်းတင်းလုပ်နေပြီး ရဟန်းအတုယောင်တွေကို အချိန်မီမဟန့်တားနိုင်ပါက သာသနာအရည်အချင်းနဲ့ မပြည့်စုံတဲ့ ရဟန်းဝတ်တွေ ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
ဘုရားရင်ပြင်တော်ပေါ်မှာ အတင်းအဓမ္မအလှူခံနေတာ၊ ပြောင်ပြောင်တင်းတင်း ညစာစားတာတွေ၊ ရဟန်းသာမဏေကိုယ်တိုင် တအိမ်တက်ဆင်း အလှူခံနေတာ၊ ကားဂိတ်၊ လှေဆိပ်၊ ရထားဘူတာရုံတွေနဲ့ အဲဒီယာဉ်တွေပေါ်မှာ အလှူခံနေတာ၊ လမ်းဆုံလမ်းမ ဈေးတွေအတွင်းမှာ အလှူခံတာ၊ မော်တော်ယာဉ်ကိုယ်တိုင်စီးနင်းမောင်းတာတွေကို လုပ်နေတဲ့ ရဟန်းတု၊ ရဟန်းရောင်တွေကို ဥပဒေတွေနဲ့အညီ အရှိန်မြှင့်ကြပ်မတ်ဆောင်ရွက်ပေးဖို့ မွန်ပြည်နယ်အစိုးရကို မွန်ပြည်နယ် (၁၀) မြို့နယ်က ဂိုဏ်းပေါင်းစုံ သံဃာအဖွဲ့အစည်းတွေက ဒီဇင်ဘာလ ၁၃ ရက်နေ့က သံဃာ့စုံညီအစည်းအဝေးမှာ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
မွန်ပြည်နယ် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသာသန အရှင်သူမြတ်က “အာဏာစက်ကလည်း လုပ်တော့လုပ်ကြတယ်။ လုပ်ရမယ့်အလုပ်တွေက များနေတော့ လစ်ဟာမှုလေးတွေတော့ ရှိတာပေါ့။ လိုအပ်တာတွေကိုလုပ်ပေးဖို့ အစိုးရအဖွဲ့ဝန်ကြီးတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဓမ္မစက်တွေရဲ့ နောက်မှာ အာဏာစက်တွေနဲ့ အားလုံးဆောင်ရွက်ပေးပါမယ်ဆိုတဲ့အကြောင်းနဲ့ သာသနာတော်မှာလည်း လိုအပ်တာမှန်သမျှ ကူညီပေးပါမယ်ဆိုတဲ့အကြောင်း သူတို့ (မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း) က ကတိဝန်ခံခဲ့ပါတယ်” လို့ မိန့်ကြားပါတယ်။
သထုံမြို့နယ်မှာ သာသနာရေးပြဿနာတွေ တော်တော်များများရှိပြီး အလံတရာကျေးရွာက ခွန်တန်ကိစ္စကိုလည်း လိုအပ်သလို အရေးယူနိုင်ဖို့ အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့်လည်း အာဏာစက်နဲ့ ညွှန်ကြားမှုအားနည်းပြီး ထူးခြားမှုမရှိလာတဲ့အတွက် ဒီကိစ္စတွေကို ဆောင်ရွက်လိုစိတ်မရှိတော့ဘူးလို့ သထုံမြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ သူရိယက မိန့်ကြားပါတယ်။
“အထက်က ညွှန်ကြားချက်တွေက ပြည့်ပြည့်၀၀မလုပ်တော့ အောက်ခြေကလည်း တိတိကျကျမလုပ်တော့ဘူးပေါ့။ နိုင်ငံတော်သံဃာ့နာယကရဲ့ ညွှန်ကြားချက်တွေက အချိန်ကာလတွေ တအားကြာတယ်။ အဓမ္မ၀ါဒီမှန်းလည်း သိပေမယ့် အချိန်ကာလတွေကြာနေတော့ ဟိုမှာ ဖြစ်ချင်တိုင်းဖြစ်နေကြတာပေါ့။ အားကြိုးမာန်တက်လုပ်ပေးပေမယ့် အပေါ်ပိုင်းကတော့ မြို့နယ်အဆင့်ကနေ ဆောင်ရွက်လို့ မပြီးရင် ပြည်နယ်သံဃာ့နာယက၊ နိုင်ငံတော်သံဃာ့မဟာနာယက တွေထံတင်ပြတဲ့အခါမှာ ဆက်ပြီးတော့ ထိထိရောက်ရောက်မလုပ်ပေးဘူး။ အကောင်ထည်မဖော်ပေးတော့ လုပ်ချင်ကိုင်ချင်တဲ့စိတ်လည်း မရှိတော့ဘူး။”
ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးစေတီတော်မှာလည်း သံဃာ့ဝိနည်းနဲ့မညီတဲ့ ရဟန်းဝတ်တွေကို တရားလိုလုပ်မယ့်သူမရှိလို့ အခက်ကြုံရနေရတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒ န္တ သောဘိတ က “အနေအထားကတော့ လူဝတ်လဲပြီးရင် တရားခံကို တရားလိုလုပ်ဖို့က မရှိဘူးဖြစ်နေတယ်။ တရားခံကို မိပြီဆိုရင် ဥပဇ္ဈွာယ်ဆရာလည်းမရှိဘူး။ ကျောင်းလည်းမရှိဘူး။ လူဝတ်လဲပြီး သူတို့ကို တရားလိုလုပ်ပေးမယ့်သူမရှိလို့ သာသနာရေးလိုလို၊ ရဲလိုလို၊ ဂေါပကလိုလိုနဲ့ ကြားကပဲ တရားခံကို လွှတ်လွှတ်လိုက်ရတယ်” လို့ မိန့်ပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်အတွင်း အလှူခံတွေများနေတဲ့အတွက် ရဟန်းသံဃာတွေ ဆွမ်းခံချိန် မနက် ၆ နာရီမှ ၈ နာရီအတွင်း ဘုရားခြင်္သေ့မုခ်ဝပေါ် တက်ခွင့်မပြုဘဲ ကန့်သတ်ထားတယ်လို့လည်း မိန့်ပါတယ်။
လက်ရှိ မွန်ပြည်နယ်မှာ သံဃာ့ဝိနည်းနဲ့မညီတဲ့ ရဟန်းဝတ်တွေကို အာဏာစက်နဲ့အရေးယူမှု အားနည်းနေပြီး သာသနာရေးဆိုင်ရာ ပြဿနာတွေဟာ သထုံမြို့နယ်၊ ကျိုက်ထို၊ ပေါင်၊ ကျိုက်မရောနဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ အများဆုံးဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်၊ မေလက ကျင်းပခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော်၊ ဒဿမပုံမှန်အစည်းအဝေးမှာ သထုံမြို့နယ်တွင် သာသနာရေးမှူးခန့်အပ်ဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်လူမှုရေးန်ကြီး ဒေါက်တာထိန်းလင်းတို့က ကတိပြုခဲ့ပေမယ့်လည်း ၇ လ ကြာတဲ့အထိ ခန့်အပ်နိုင်ခြင်းမရှိသေးပါဘူး။