အသက် ၁၇ နှစ်အောက် ကလေးသူငယ် ထိမ်းမြားလက်ထပ်မှု ထိုင်းအစ္စလာမ်ကောင်စီ တားမြစ်

ဓာတ်ပုံ - The Nation
အသက် ၁၇ နှစ်အောက် ကလေးသူငယ်တွေ ထိမ်းမြားလက်ထပ်တာတွေကို ထိုင်းနိုင်ငံ အစ္စလာမ်ဘာသာရေးကောင်စီက တားမြစ်လိုက်တယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒါကို နိုင်ငံတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ပိတ်ပင်သွားမှာဖြစ်ပြီး ခုလို တားမြစ်လိုက်တာဟာ သမိုင်းမှာတော့ ပထမဆုံး ဖြစ်လာတယ်လို့ ဆိုပါတယ်။ ခုလိုဆုံးဖြတ်ချက်ဟာ အခုနှစ်အစောပိုင်းတုန်းက ၁၁ နှစ်အရွယ် ကလေးငယ်တဦးနဲ့ သူ့အသက်ထက် ၄ ဆပိုကြီးတဲ့ အမျိုးသားတဦး လက်ထပ်ပွဲကနေ လူထုတွင်း မကျေမနပ်ဖြစ်မှုတွေ၊ ဝေဖန်မှုတွေ ရှိခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းဗဟိုအစ္စလာမ်ကောင်စီ (စီအိုင်စီအိုတီ) အနေနဲ့ စည်းမျဉ်းအသစ် ချမှတ်သွားမှာဖြစ်ကာ ဒါကို တနိုင်ငံလုံးက ဗလီတွေကို ဒီနေ့ အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ပိုင်းနယ်စပ်ခရိုင်များ စီမံအုပ်ချုပ်ရေးစင်တာ (အက်စ်ဘီပီအေစီ) မှ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူ ပန်နာဒါ အစ်ရှိုကတော့ အက်စ်ဘီပီအေစီအနေနဲ့ စည်းမျဉ်းစည်းကမ်း အသစ်တွေကို ဘာသာပြန်ဆိုပြီး ဆွေးနွေးပွဲတွေမှာ အသိပညာပေး ထုတ်ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အသစ်ချမှတ်လိုက်တဲ့ စည်းမျဉ်းတွေအရ ဒေသတွင်း ဗလီတွေက အစ္စလာမ်ဘာသာရေး တရားရုံးခွင့်ပြုချက် ဒါမှမဟုတ် ဒေသတွင်း ရဲစခန်းနဲ့ အစ္စလာမ်ဘာသာရေး ကော်မတီမှာ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်တွေမရှိဘဲ အသက် ၁၇ နှစ်အောက် ကလေးသူငယ် ထိမ်းမြားလက်ထပ်ခွင့်ကို ခွင့်ပြုနိုင်တော့မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up