ဂျော်ဒန်အစိုးရ၏ ခြိုးခြံချွေတာရေး အစီအစဉ်ကို ဆန္ဒပြ၊ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့

ဓာတ်ပုံ - AFP
699
ဂျော်ဒန်အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း ဒီဇင်ဘာ ၁၃ ရက်နေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက ဆန္ဒပြသူတွေဟာ ကြိုးကြားကြိုးကြား ဆန္ဒပြခဲ့ပါတယ်။
ဘုရင် အဗ္ဗဒူလာနဲ့ အစိုးရကို ဝေဖန်တဲ့ သံချပ်တွေ ကြွေးကြော်ခဲ့တဲ့အတွက် လူပေါင်းများစွာကို အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပါတယ်။
IMF ထောက်ခံတဲ့ အခွန်ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး နွေရာသီက ပြုလုပ်ခဲ့တဲ့ ဆန့်ကျင် ဆန္ဒပြပွဲကြီးတွေဟာ ပြီးခဲ့တဲ့အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။
အဲဒီနောက် လူကြိုက်မများတဲ့ အခွန်ဥပဒေကြမ်းကို အနည်းငယ်ပြင်ဆင်ပြီးနောက် ပြီးခဲ့တဲ့လက ပါလီမန်ဟာ အခွန်ဥပဒေကြမ်းကို ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ပြည်သူ့ကြွေးမြီ ဒေါ်လာ ဘီလျံ ၄၀ ဝန်းကျင် တင်ရှိပြီး အခွန်ငွေ အပူတပြင်း လိုအပ်နေတဲ့ ဂျော်ဒန်အစိုးရဟာ လူဆင်းရဲနဲ့ လူလတ်တန်းစားတွေရဲ့ ဝင်ငွေတွေဆီကနေ အခွန်ညှစ်ယူနေပြီး လူချမ်းသာတွေကိုတော့ ဘေးမဲ့ပေးထားတယ်လို့ ဂျော်ဒန်ပြည်သူတွေက ပြောကြပါတယ်။