ဗင်နီဇွဲလားအပေါ် ကျူးကျော်မည့်အစီအစဉ်ကို ဂျွန်ဘော်လ်တန် ဦးဆောင်နေဟု စွပ်စွဲ

ဓာတ်ပုံ - Andrew Harrer/Bloomberg/Getty
620
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်လ်တန်ဟာ ဗင်နီဇွဲလားနိုင်ငံအပေါ် ကျူးကျော်မယ့် အစီအစဉ်ကို ဦးဆောင်နေတယ်လို့ သမ္မတ နီကိုလပ်စ် မာဒူရိုက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ရုရှားဗုံးကြဲလေယာဉ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ ဗင်နီဇွဲလားနိုင်ငံမှာ ဆင်းသက်ပြီး ရက်အနည်းငယ်အကြာမှာ သမ္မတ မာဒူရိုက အဲဒီလို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ မာဒူရိုက ဗင်နီဇွဲလားနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖန်တီးပြီး စစ်ရေးအရ ကျူးကျော်မှုလုပ်ဆောင်ဖို့ ဂျွန်ဘော်လ်တန်ကို တာဝန်ပေးထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကိုလံဘီယာနဲ့ အမေရိကန်က စစ်စခန်းတွေမှာ ကြေးစားစစ်သားတွေ သင်တန်းပေးနေတာကို ဘော်လ်တန်က ညှိနှိုင်းကွပ်ကဲပေးနေတယ်လို့လည်း မာဒူရိုက ပြောပါတယ်။
ဗင်နီဇွဲလားသမ္မတရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ ဂျွန်ဘော်လ်တန်ရဲ့ရုံးက ချက်ချင်း မှတ်ချက်ပြု ပြောကြားတာ မရှိပါဘူး။
ဗင်နီဇွဲလားအရေးကိစ္စနဲ့ ပတ်သက်ရင် အမေရိကန်ဟာ စစ်ရေးအရ ဆောင်ရွက်ဖို့ စဉ်းစားနေတယ်လို့ သမ္မတ ထရမ့်က မနှစ်က ပြောကြားခဲ့ပါတယ်။
အဲဒီပြောကြားချက်ဟာ အမေရိကန်အစိုးရ အနေနဲ့ သူ့ လက်ဝဲယိမ်းအစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ မာဒူရိုရဲ့ ထင်မြင်ယူဆချက်ကို ပိုပြီး အားကောင်းစေပါတယ်။