A d v e r t i s e m e n t With Us

ကာရာဘတ်ကို အနိုင်ယူပြီး အာဆင်နယ် အုပ်စုဗိုလ်အဖြစ် ယူရိုပါလိဂ် နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် အုပ်စု အီး နောက်ဆုံးပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာ နောက်တဆင့် တက်ရောက်ပြီးဖြစ်လို့ အရန်ကစားသမား အများအပြားနဲ့ ပွဲထွက်လာခဲ့ပေမယ့် အနိုင်ရလဒ်ကိုတော့ ရယူနိုင်ခဲ့ပါတယ်။ အဓိက ကစားသမားအဖြစ် အိုဇေးလ်၊ လာကာဇက်တီ၊ အယ်လ်နန်နီနဲ့ ကာလရှည် အနားယူခဲ့ရတဲ့ အသင်းခေါင်းဆောင် ကိုစီယယ်နီတို့ပဲ ပါဝင်ခဲ့တာပါ။ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အပြတ် အသာစီးရခဲ့ပါတယ်။ အာဆင်နယ်အတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၁၆ မိနစ်မှာ တိုက်စစ်မှူး လာကာဇက်တီက သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် အုပ်စု ၆ ပွဲကစားရာမှာ ရှုံးပွဲမရှိဘဲ ၅ ပွဲနိုင်၊ တပွဲသရေ ရမှတ် ၁၆ မှတ်နဲ့ အုပ်စုဗိုလ်နေရာကနေ နောက်တဆင့် တက်ရောက်သွားပါတယ်။ မနေ့ကပဲ ယှဉ်ပြိုင်တဲ့ အုပ်စု အီး တခြားပွဲစဉ်မှာတော့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းက ယူကရိန်းကလပ် ဗော်စ်ကလာ ပိုလ်တာဗာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စုပွဲစဉ်တွေ အပြီးမှာတော့ စပို့တင်းလစ္စဘွန်းက ၆ ပွဲကစားရာမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရမှတ် ၁၃ မှတ်နဲ့ အုပ်စု ဒုတိယနေရာကနေ နောက်တဆင့် တက်ရောက်သွားပါတယ်။ ဗော်စ်ကလာ ပိုလ်တာဗာနဲ့ ကာရာဘတ်တို့ကတော့ အုပ်စုအဆင့်ကနေပဲ ထွက်ရပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up